အကြမ်းဖက်မှု ရပ်ဆိုင်းရန် မြန်မာစစ်အုပ်စုခေါင်းဆောင် သဘောတူခဲ့ဟု မလေးရှား၀န်ကြီးချုပ် ပြော

အကြမ်းဖက်မှု ရပ်ဆိုင်းရန် မြန်မာစစ်အုပ်စုခေါင်းဆောင် သဘောတူခဲ့ဟု မလေးရှား၀န်ကြီးချုပ် ပြော

ဧပြီ ၂၄

အရပ်သားများအပေါ် အကြမ်းဖက်မှုကို ရပ်ဆိုင်းရေးအတွက် မြန်မာအာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူခဲ့ကြောင်း မလေးရှား၀န်ကြီးချုပ် မူယစ်ဒင် ယက်ဆင်က ပြောသည်။

မြန်မာ့အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေးအတွက် ယနေ့ ကျင်းပခဲ့သည့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးသည် အောင်မြင်မှု ရခဲ့ကြောင်းလည်း မလေးရှား၀န်ကြီးချုပ်က ပြောသည်။

“ကျွန်တော်တို့ အောင်မြင်ခဲ့ပါတယ်၊ ဒီနေ့ အစည်းအဝေးကနေ မျှော်မှန်းထားတာထက် အောင်မြင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် အကျပ်အတည်းကို ဖြေရှင်းရေးအတွက် မလေးရှားဘက်က အဆိုပြုသည့် အဆိုပြုချက် သုံးခုစလုံးကို မြန်မာဘက်က လက်ခံခဲ့သည်ဟု မူယစ်ဒင်က ပြောသည်။

ပထမတစ်ခုက မြေပြင်ရှိ အခြေအနေ ပြင်းထန်မှုကို လျှော့ချရေးနှင့် အရပ်သားများအပေါ် သတ်ဖြတ်အကြမ်းဖက်မှု ရပ်ဆိုင်းရေး ဖြစ်သည်။

ဒုတိယတစ်ခုမှာ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသူများကို ချက်ချင်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဖြစ်သည်။

တတိယတစ်ခုမှာ သက်ဆိုင်ပတ်သက်သူအားလုံးနှင့် တွေ့နိုင်ရန် အာဆီယံဥက္ကဋ္ဌနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ကို မြန်မာသို့ လာခွင့်ပြုရန် ဖြစ်သည်။

“မြန်မာဘက်က ကောင်းကောင်း တုံ့ပြန်ခဲ့ပါတယ်၊ မလေးရှားရဲ့ အဆိုပြုချက်သုံးခုစလုံးကို မကန့်ကွက်ခဲ့ပါဘူး” ဟု မူယစ်ဒင်က ပြောသည်။

“အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရမယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သဘောတူခဲ့တယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

မလေးရှား၏ အဆိုပြုချက်သုံးခုအပြင် အခြားသော အာဆီယံနိုင်ငံများမှ အဆိုပြုချက်များကိုလည်း မြန်မာဘက်က သဘောတူခဲ့ကြောင်းနှင့် ယင်းတို့ထဲတွင် လူသားချင်းစာနာမှု အကူအညီနှင့် အကျပ်အတည်းပြေလည်စေမည့် အမျိုးသားရင်ကြားစေ့ရေး အားထုတ်မှုများတို့ ပါ၀င်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required