KNU/KNLA တပ်မဟာ ၁ နှင့် အကြမ်းဖက်စစ်အုပ်စုတို့ တစ်ရက်အတွင်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွား

KNU/KNLA တပ်မဟာ ၁ နှင့် အကြမ်းဖက်စစ်အုပ်စုတို့ တစ်ရက်အတွင်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွား
Photo - CJ

၂၃  ဧပြီလ  ၂၀၂၁ ခုနှစ်

၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ နံနက် ၇း၀၀ ခန့်အချိန်တွင် ကေအဲန်ယူ - သထုံခရိုင်အတွင်းရှိ ကျိုက်ထို နှင့် ဘီးလင်းမှ ပြည်သူလူထုများသည် အစိုးရသစ် NUG ( National Unity Goverment ) ကို ထောက်ခံသော ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကိုပြုလုပ်ခဲ့ပါသည်။

ထိုဆန္ဒဖော်ထုတ်ပွဲကို အကြမ်းဖက်စစ်အုပ်စုမှ လာရောက် နှောက်ယှက်ဟန့်တားမှုမပြုနိုင်ရန်အတွက် ကေအဲန်ယူ - တပ်မဟာ ၁ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သည်များသည် ဆန္ဒဖော်ထုတ်သော ပြည်သူလူထုများကို ဝန်းရံ၍ လုံခြုံရေးယူပေးခဲ့ပါသည်။

ဤသို့ဖြင့်အကြမ်းဖက်စစ်အုပ်စုတို့သည် ထိုဆန္ဒဖော်ထုတ်သော ပြည်သူလူထုများ၏ အစီအစဥ်ကို နှောက်ယှက်ဟန့်တားရန်အတွက် လာသောကြောင့် အကြမ်းဖက်စစ်အုပ်စုနှင့် KNU/ KNLA တပ်မဟာ ၁ ၏ တပ်ဖွဲ့တို့သည် နံနက် ၇း၀၀ ခန့်အချိန်တွင် ကျိုက်ကော် နှင့် နောင်ဘို အကြား၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။

ထိုနောက် မွန်းလွဲ ၁း၀၀ ခန့်အချိန်တွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့များဖြစ်သော စကခ - ၈ ၊ ခမရ ၄၀၆ နှင့် KNU/KNLA တပ်မဟာ - ၁ တပ်ဖွဲ့တို့သည် ကော့လယ်ရွာအနားရှိ ဆောဘီနားနေရာတွင် ထပ်မံထိတွေ့၍ ပစ်ခတ်မှု နောက်တစ်ကြိမ်ထပ်ဖြစ်ပွားခဲ့ပါသည်။
ထို့နောက် အကြမ်းဖက်စစ်အုပ်စု၏ အမြောက်တပ် ၃၁၄ တို့သည် မရမ်းကုန်းရွာထဲသို့ လက်နက်ကြီးများပစ်ချ၍ မရမ်းကုန်းရွာသူ တစ်ဦးကို ထိမှန်ခဲ့ပါသည်။

ဤသို့ ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း ကေအဲယူ - တပ်မဟာ ၁ ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ လုံခြုံရေးယူပေးသည့်အတွက်ကြောင့် အစိုးရသစ် NUG ကိုထောက်ခံသော ပြည်သူလူထု၏ ဆန္ဒဖော်ထုတ်ပွဲအစီအစဥ်သည် ကောင်းကောင်းမွန်မွန်နှင့် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည်။
Photo : CJ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly