အာဏာသိမ်းစစ်ခေါင်းဆောင်ကို စုံစမ်းစစ်ဆေးရေး အာဆီယံကို AI အဖွဲ့ တိုက်တွန်း

အာဏာသိမ်းစစ်ခေါင်းဆောင်ကို စုံစမ်းစစ်ဆေးရေး အာဆီယံကို AI အဖွဲ့ တိုက်တွန်း

ဧပြီ ၂၃

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် စုံစမ်းစစ်‌ဆေးသွားရန် နိုင်ငံတကာလူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International (AI) က အရှေ့တောင်အာရှနိုင်ငံများကို ဧပြီ ၂၃ ရက်တွင် တိုက်တွန်းလိုက်သည်။

ယခု စနေနေ့တွင် မြန်မာအရေး အာဆီယံ အစည်းအဝေးသို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည် ဆိုသည့် သတင်းများ ထွက်ပေါ်နေချိန် AI အဖွဲ့က အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

အာဆီယံ ထိပ်သီးအစည်းအဝေးကို ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသွားမည် ဖြစ်သည်။ ထို အစည်းအဝေးသို့ အာဏာသိမ်းခေါင်းဆောင် ကိုယ်တိုင် တက်ရောက်ဖွယ် ရှိကြောင်း အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံပြုလုပ်မည့် နိုင်ငံမှ တာ၀န်ရှိသူများနှင့် သံတမန်များက ပြောဆိုထားသည်။

“ညှင်းပန်းနှိပ်စက်မှုဆန့်ကျင်ရေး ကုလသမဂ္ဂ သဘောတူစာချုပ်မှာ ပါ၀င်အတည်ပြုလက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ သံသယရှိ ရာဇ၀တ်မှုကျူးလွန်သူတစ်ဦးကို သူ့နယ်နမိတ်ထဲမှာ တရားစွဲဆို ဒါမှမဟုတ် တရားခံလွှဲအပ်ဖို့ ဥပဒေရေးရာ တာ၀န်၀တ္တရား ရှိပါတယ်” ဟု Amnesty International က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သည်။

အစဥ်အလာအားဖြင့် အဖွဲ့၀င်နိုင်ငံများ၏ ပြည်တွင်း‌ရေးကို ၀င်မစွက်ဘဲ အများသဘောဆန္ဒဖြင့်သာ လုပ်ဆောင်သည့် အာဆီယံအတွက်လည်း ယခုမြန်မာ့အရေးကိစ္စသည် စမ်းသပ်ချက်တစ်ခု ဖြစ်နေသည်။

“အာဏာသိမ်းစစ်တပ်ကြောင့် ဖြစ်ခဲ့ရတဲ့ မြန်မာ့အကျပ်အတည်းဟာ အာဆီယံအတွက် သမိုင်းမှာ အကြီးဆုံး စမ်းသပ်မှုတစ်ခု ဖြစ်စေလျက် ရှိပါတယ်” ဟု Amnesty ၏ သုတေသနဆိုင်ရာ ဒေသ ဒုတိယညွှန်ကြားရေးမှူး အမ်မာလင်း ဂီလ်က ပြောသည်။

“၀င်ရောက်မစွက်ဖက်ရေး ဆိုတဲ့အပေါ်မှာ ဒီအုပ်စုရဲ့ အစဥ်အလာအရ နှစ်မြှုပ်ဆုံးဖြတ်မှုက ခုကိစ္စမှာ အောင်မြင်စရာ လမ်းမရှိပါဘူး၊ ဒါက မြန်မာနိုင်ငံအတွက် ပြည်တွင်းရေးကိစ္စတစ်ခု မဟုတ်ပါဘူး၊ ဒါက ဒေသတစ်ခုလုံးနဲ့ ဒေသကို ကျော်လွန်ပြီး သက်‌ရောက်မှုတွေဖြစ်စေတဲ့ အဓိကကျတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အစည်းအဝေး တက်ရန် ဖိတ်ကြားခြင်းက မိမိနိုင်ငံသားပြည်သူများအပေါ် စစ်အစိုးရ ကျူးလွန်နေသည့် လူမျိုးတုန်းဆိုင်ရာ သတ်ဖြတ်မှုကို တရား၀င်ဖြစ်မှု ပံ့ပိုးပေးသည်ဟု အရှေ့တောင်အာရှ NGO အဖွဲ့အစည်း ၄၅ ခုပါ အစုအဖွဲ့တစ်ခုက ပြောသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ဥပဒေပြုအမတ်များကို ဂျကာတာအစည်းအ‌ဝေးတွင် ပါ၀င်စေရေးအတွက် အာဆီယံခေါင်းဆောင်များကို အဆိုပါ NGO အစုအဖွဲ့က တိုက်တွန်းခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required