အိန္ဒိယ၌ တစ်နေ့တာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တွေ့ရှိမှု ကမ္ဘာ့စံချိန်တင်

အိန္ဒိယ၌ တစ်နေ့တာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တွေ့ရှိမှု ကမ္ဘာ့စံချိန်တင်
Photo - AFP

ဧပြီ ၂၂

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၁၅,၀၀၀ ဦးနီးပါးအထိ ကမ္ဘာ့စံချိန်တင် တွေ့ရှိခဲ့ကြောင်း ဧပြီ ၂၂ ရက် စာရင်းများအရ သိရသည်။

တစ်ချိန်တည်းမှာပင် အောက်ဆီဂျင် အထောက်အပံ့များ မရရှိပါက လူနာများ အသက်ဆုံးရှုံးရနိုင်သည် ဆိုပြီး နယူးဒေလီရှိ ဆေးရုံများကလည်း စိုးရိမ်ဖွယ် သတိပေးချက်များ ထုတ်ပြန်ထားသည်။

ကာလကြာ လုံလုံလောက်လောက် ငွေ‌ကြေးပံ့ပိုးထားခဲ့ခြင်း မရှိသည့် ယင်းနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ယခု ကပ်ရောဂါ ဒုတိယလှိုင်းတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ဖိအားများဖြင့် ရင်ဆိုင်နေရသည်။

ကူးစက်မှုနှုန်းမြင့်မားသည့် ဗိုင်းရပ်စ် မျိုးကွဲတစ်ခုနှင့် ရောဂါပိုးကူးစက်ပျံ့နှံ့မှု များစေသည့် လူစုဝေးမှုများကြောင့် ယခုကဲ့သို့ ယင်းနိုင်ငံတွင် ကပ်ရောဂါ ဒုတိယလှိုင်းတစ်ခု ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

အိန္ဒိယကျန်းမာရေး၀န်ကြီးဌာန၏ ဧပြီ ၂၂ ရက် ဒေတာအချက်အလက်များအရ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်ခံရသူအသစ် ၃၁၄,၈၃၅ ဦးအထိ တွေ့ရှိခဲ့ရာ ယင်းသည် ကပ်ရောဂါစတင်ပြီးနောက်ပိုင်း နိုင်ငံအားလုံးထဲတွင် အများဆုံးသော တစ်နေ့တာ ကူးစက်မှုနှုန်းပင် ဖြစ်သည်။
ယခုအခါ အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းသည် ၁၅ ဒသမ ၉ သန်းထိ ရှိနေရာ ယင်းသည် ကမ္ဘာ့ဒုတိယမြောက် အများဆုံးနှုန်းထားလည်း ဖြစ်သည်။

အလားတူ အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည်လည်း ၁၈၅,၀၀၀ နီးပါးအထိ ရှိနေကြောင်း သိရသည်။

အခြေအနေသည် အတော်အတန် ပိုမိုဆိုး၀ါးသွားနိုင်သည့်အရေး စိုးရိမ်ပူပန်မှုများကိုလည်း ဖြစ်ပေါ်စေလျက် ရှိသည်။

ယခုအခါ နယူးဒေလီရှိ ပုဂ္ဂလိကနှင့် အစိုးရပိုင် ဆေးရုံများသည် လူနာများအတွက် အသက်ရှုစက်နှင့် အောက်ဆီဂျင် အထောက်အပံ့များ ရရှိနိုင်ရေးအတွက် ဗဟိုအစိုးရထံ အရေးတကြီး အကူအညီ တောင်းခံမှုများ ပြုလုပ်ထားရကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly