စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စစ်အာဏာသိမ်းအစိုးရရဲ့ လူမဆန်စွာ ဖြိုခွင်းမှုတွေမှာ သေဆုံးသူဦးရေဟာ ၇၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။
နိုင်ငံရဲ့ ဒုတိယအကြီးဆုံး မန္တလေးမြို့မှာ တနင်္ဂနွေနေ့ နံနက်ပိုင်းက စစ်တပ်ပိုင် ဘဏ်တစ်ခုရဲ့ အပြင်ဖက်မှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ လုံခြုံရေးအစောင့်တစ်ဦး ဒဏ်ရာရမှုလည်း ဖြစ်ပွားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကစလို့ နိုင်ငံဟာ မတည်မငြိမ် ဖြစ်နေခဲ့တာပါ။
မန္တလေးမြို့မှာ အကြီးဆုံး မြဝတီဘဏ်ကို ပစ်မှတ်ထားပြီး တနင်္ဂနွေနေ့က ဗုံးဖောက်ခွဲမှုမှာ လုံခြုံရေးအစောင့်တစ်ဦး ဒဏ်ရာရတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်အပြီးမှာ အခင်းဖြစ်ရာဧရိယာကို လုံခြုံရေးထူထပ်စွာ ချထားပါတယ်။
မြဝတီဘဏ်ဟာ စစ်တပ်ထိန်းချုပ်တဲ့ စီးပွားရေးလုပ်ငန်း မြောက်မြားစွာထဲက တစ်ခုပဲ ဖြစ်ပြီး အာဏာသိမ်းပြီးချိန်ကစလို့ ကာစတန်မာတွေဟာ စုငွေတွေ ပြန်လည်ထုတ်ပေးယူကြပြီး သပိတ်မှောက် ဖိအားပေးတာနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
မကြာသေးတဲ့ ရက်တွေမှာ သွေးထွက်သံယို ဖြိုခွင်းမှုတွေ ပြင်းထန်ဆိုးဝါးလာခဲ့ပါတယ်။
ဒီမတိုင်မီ တစ်ရက်က ပဲခူးမြို့မှာ လုံခြုံရေးတပ်တွေ ပစ်ခတ်သတ်ဖြတ်လို့ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြသူ ၈၂ ဦး သေဆုံးတယ်လို့ ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ရပ်က ဆိုပါတယ်။
ပဲခူးက ဖြိုခွင်းသတ်ဖြတ်မှုမှာ ဒဏ်ရာရလူနာတွေဆီ သွားရောက်မကုသနိုင်အောင် ဆေးကျန်းမာရေးအဖွဲ့တွေကိုလည်း တားမြစ်ပိတ်ပင်ခံရကြောင်း သိရပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ အရပ်သား သေဆုံးသူပေါင်း ၇၀၁ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ပေးရေးအဖွဲ့က ပြောပါတယ်။
ဒါပေမယ့် စစ်တပ် ထုတ်ပြန်တဲ့ သေဆုံးသူနှုန်းကတော့ အလွန်နည်းပါးပြီး ၂၄၈ ဦးပဲ ရှိတယ်လို့ သောကြာနေ့မှာ ပြောခွင့်ရသူတစ်ဦးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်ဖြိုခွင်းခံနေပေမယ့်လည်း နိုင်ငံရဲ့ နယ်မြေဒေသတွေမှာ အသက်နဲ့ ရင်းပြီး ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ မန္တလေးနဲ့ မိတ္ထီလာမြို့တွေမှာ တက္ကသိုလ်ကျောင်းသားတွေနဲ့ ပါမောက္ခတွေဟာ လမ်းတွေပေါ် ချီတက်ဆန္ဒပြကြကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။