မတ် ၂၉
အိမ်နီးချင်းမြန်မာနိုင်ငံဘက်မှ ဒုက္ခသည်များ အလုံးအရင်းဖြင့် ၀င်ရောက်လာနိုင်သည့် အခြေအနေအတွက် ထိုင်းအစိုးရအနေဖြင့် ပြင်ဆင်လျက် ရှိကြောင်း ထိုင်း၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
“ကျွန်တော်တို့ နိုင်ငံနယ်နမိတ်ထဲ စုပြုံ၀င်လာတာမျိုးကိုတော့ ကျွန်တော်တို့ မဖြစ်စေချင်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ဟာ လူ့အခွင့်အရေးကိုလည်း လေးစားလိုက်နာသွားပါမယ်” ဟု ပရာယွတ်က သတင်းထောက်များကို ပြောခဲ့သည်။
မြန်မာနိုင်ငံရှိ အာဏာသိမ်းမှု ဆန့်ကျင်သော ဆန္ဒပြပွဲများ၏ အခြေအနေနှင့်ပတ်သက်ပြီး သတင်းထောက်များက မေးမြန်းစဥ် ထိုင်း၀န်ကြီးချုပ်က အထက်ပါအတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။
“ဒုက္ခသည် အရေအတွက် ဘယ်လောက် ရောက်လာနိုင်မယ်လို့ မှန်းထားသလဲ ဆိုတာနဲ့ပတ်သက်လို့ ပြောရရင် ကျွန်တော်တို့ကတော့ ဧရိယာတစ်ခုကို ပြင်ဆင်ထားပါတယ်၊ ဒါပေမယ့် အရေအတွက် ဘယ်လောက်လဲ ဆိုတာနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့ ပြောဆိုဆွေးနွေးတာမျိုး မလုပ်သေးပါဘူး” ဟု ပရာယွတ်က ပြောသွားခဲ့သည်။