ကော်လိုရာဒို ပစ်ခတ်မှုဖြစ်အပြီး လက်နက်တားမြစ်ရေးကို ဂျိုးဘိုင်ဒင် ဆော်ဩ 

ကော်လိုရာဒို ပစ်ခတ်မှုဖြစ်အပြီး လက်နက်တားမြစ်ရေးကို ဂျိုးဘိုင်ဒင် ဆော်ဩ 

အမေရိကန်နိုင်ငံမှာ သီတင်းတစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် လူအစုပြုံလိုက် ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာ သမ္မတ ဂျိုးဘိုင်ဒင်က သေစေတဲ့ လက်နက်တွေကို တားမြစ်ရေးအတွက် အင်္ဂါနေ့မှာ တိုက်တွန်းပြောဆိုလာပါတယ်။

ကော်လိုရာဒိုပြည်နယ်က စူပါမားကက်တစ်ခုမှာ ပစ်ခတ်မှုဖြစ်လို့ လူ ၁၀ ဦး သေဆုံးခဲ့တဲ့နောက်မှာ သေနတ်ထိန်းချုပ်ရေးအတွက် တောင်းဆိုသံတွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

စာသင်ကျောင်းတွေ၊ နိုက်ကလပ်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ အများပြည်သူနေရာတွေမှာ သေနတ်နဲ့ လူအစုလိုက်ကို ပစ်ခတ်မှုတွေဟာ အမေရိကန်နိုင်ငံအတွက် ရေရှည်ပူပန်စရာဖြစ်နေပြီး ဒီ အရေးနဲ့ပတ်သက်လို့ ဂျိုးဘိုင်ဒင်က “နောက်ထပ် မိနစ်၊ နာရီတွေ မစောင့်လိုတော့ဘူး၊ အနာဂတ်မှာ အသက်တွေကို ကယ်တင်ဖို့အတွက် အောက်လွှတ်တော်နဲ့ ဆီးနိတ်လွှတ်တော်က လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ ဘုံခံယူချက်နဲ့အတူ အရေးယူဆောင်ရွက်ပေးကြပါ”လို့ ပြောပါတယ်။

“ဒီနိုင်ငံတွင်းမှာ သေစေတဲ့ လက်နက်တွေနဲ့ ကျည်ကပ်တွေကို ကျွန်တော်တို့ တစ်ချိန်က တားမြစ်နိုင်ခဲ့ဖူးတယ်”ဆိုပြီး ၁၉၉၄ ခုနှစ်က လက်နက်တွေ ပြန်အပ်ခြင်းအပါအဝင် ဆယ်နှစ်တာ လက်နက်ပိတ်ပင်မှုကို ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့တာကို ဂျိုးဘိုင်ဒင်က ပြန်ပြောင်းပြောဆိုပါတယ်။

“ဒီအရေးဟာ ပါတီကြီး နှစ်ရပ်ရဲ့ ပြဿနာမဟုတ်ဘူး၊ အမေရိကန်ရဲ့ ပြဿနာ၊ ဒါမှ အသက်တွေကို ကယ်တင်နိုင်မယ်၊ အမေရိကန်ပြည်သူတွေကို ကယ်တင်နိုင်ဖို့ ကျွန်တော်တို့ ဥပဒေချမှတ်ရလိမ့်မယ်”လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

သေနတ်ကိုင်ဆောင်ခွင့် တင်းတင်းကြပ်ကြပ် ထိန်းချုပ်မှုကို အမေရိကန်ပြည်သူ တော်တော်များများက လိုလားကြပေမယ့် လက်နက်ကိုင်ဆောင်ခွင့် အခွင့်အလမ်းကို ချိုးဖောက်တာအဖြစ် လူနည်းစုအမြင်နဲ့အတူ ရီပတ်ဘလီကန်တွေက ရေရှည်ဆန့်ကျင်နေကြတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က ကော်လိုရာဒိုက စူပါမားကက်မှာ အသက် ၂၁ အရွယ် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်တာကြောင့် လူ ဆယ်ဦး သေဆုံးပြီးတဲ့ နာရီပိုင်းအတွင်းမှာပဲ ဂျိုးဘိုင်ဒင်က တိုက်တွန်းပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

အခု ကော်လိုရာဒို လူအစုပြုံလိုက် ပစ်ခတ်မှု မဖြစ်ခင် တစ်ပတ်အတွင်းမှာပဲ ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့မှာ အနှိပ်ခန်းတွေကို သေနတ်သမားတစ်ဦး ပစ်ခတ်တာကြောင့် လူ ရှစ်ဦး သေဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly