မတ်လ၊ ၂၀ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုအခြေအနေများ

မတ်လ၊ ၂၀ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုအခြေအနေများ

မတ် ၂၀၊ ၂၀၂၁ ခုနှစ်

ရန်ကုန်၊ ကျောက်မြောင်းတွင် လူငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန်၊ သေဆုံး

မတ်လ ၂၀ ရက်၊ နေ့လည် ၁ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ကျောက်ရေတွင်းနှင့် မြို့သစ် ၂ လမ်းထိပ်မှာ အာဏာရှင်ဆန့်ကျင်ရေးသပိတ်တည်ဆောက်ရန် ပြင်ဆင်နေချိန်တွင် စစ်သားနဲ့ ရဲများ၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ဦးခေါင်းကျည်ဆံထိမှန်ပြီး သေဆုံးသွားပါတယ်၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျောက်မြောင်းက လူနေတိုက်ခန်းတွေပေါ် လက်နက်ပြခြိမ်းခြောက်ပြီး လမ်းရှင်းဖို့အတွက် အဓမ္မခေါ်ယူတာတွေရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ရန်ကုန်၊ သာကေတ ရပ်ကွက်တွင်းသို့ စစ်တပ်နဲ့ရဲက ဝင်ရောက် အကြမ်းဖက်ပစ်ခတ်၊ ၁ ဦးသေဆုံး၊ ၃ ဦးထက်မနည်း ဒဏ်ရာရ

ယနေ့ မတ်လ ၂၀ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက သာကေတမြို့နယ်က ရပ်ကွက်တွေထဲကို ဝင်ရောက်စီးနင်းမှုရှိခဲ့ပါတယ်၊ သာကေတမြို့နယ်၊ ဇဗ္ဗူသီရိအရှေ့ ၆လမ်း၊ ၆/အနောက်ကန်ပေါက်နား၊ ရွေပြည်သာလမ်း၊ အောင်သုခလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက အသံဗုံးခွဲခြင်း၊ ရာဘာကျည်၊ သေနတ်ကျည်အစစ်တို့ဖြင့် ပစ်ခတ်ခဲ့တာကြောင့် ၁ ဦးသေဆုံးခဲ့ပါတယ်။  သေဆုံးသူဟာ ပါးကိုကျည်ဆံထိမှန်ခဲ့တာဖြစ်ပြီး အမျိုးသမီးကတော့ ခြေထောက်ကို ကျည်ဆန်ထိမှန်ခဲ့ပါတယ်။ ရာဘာကျည်ထိမှန်သူအများအပြားလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်က ပြည်သူပိုင်ကားများ ဖျက်ဆီးခံရ

 မတ်လ ၂၀ ရက်နေ့ မနက် ၁၁ နာရီကျော်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်အတွင်းရှိ လမ်းသွယ်များမှာ ရပ်တန့်ထားသော ပြည်သူပိုင်ကားများကို အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်ဆီးသွားတာကြောင့် ကားအစီးရေများစွာပျက်စီးခဲ့ပါတယ်။ ၁၆၇ လမ်းတခုထဲမှာပဲ ကားအစီးရေ ၄၇ စီးကျော်ခန့် ဖျက်စီးခံခဲ့ရတာပါ။ လမ်းတွင်းမှာ တပ်ထားတဲ့ CCTV များကိုလည်း ဖျက်ဆီးသွားသလို လမ်းပိတ်ထားတဲ့ သဲအိတ်များကိုလည်း ကားပေါ်တင်ပြီး ယူဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။

ရန်ကုန် ဂွတ္တလစ်တွင် စစ်ကောင်စီတပ်များက ပြည်သူပိုင်ကားများကို မှုတ်ဆေးများဖြင့် ဖျက်ဆီးပြီး ပြည်သူများကို ဆဲဆိုခြိမ်းခြောက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဂွတ္တလစ်ရှိ ဥဿဖယားလမ်းအတွင်းသို့ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက မနေ့ မတ်လ ၁၉ ရက်ညပိုင်းမှာ ဝင်ရောက်လာပြီး ပြည်သူတွေကို အောဟစ်ဆဲဆိုကာ သပိတ်ခေါင်းဆောင်ရှိပါက ထုတ်ပေးဖို့ လက်နက်ပြခြိမ်းခြောက်ခြင်း၊ ရပ်ကွက်တွင်းရပ်ထားသည့် ပြည်သူပိုင်ကားများပေါ်တွင် မှုတ်ဆေးများဖြင့် ဆဲဆိုသော စာသားများရေးသားဖျက်ဆီးထားကြောင်း ဒေသခံတွေကတဆင့် သိရှိရပါသည်။

မန္တလေးမြို့က ဒေါင်းစစ်သည် သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊ ကျည်ထိမှန်သူ ၂ဦးရှိ

မန္တလေးမြို့မှာ ဒေါင်းစစ်သည်အမည်နဲ့ သပိတ်စစ်ကြောင်းတစ်ခု ယနေ့ မတ်လ ၂၀ ရက် မနက်ပိုင်းက လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၆ လမ်း၊ ၈၁ လမ်းမှာ ဒေါင်းစစ်သည်သပိတ်ကို အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲများက ပစ်ခတ်သဖြင့် ကျည်ထိမှန်ဒဏ်ရာရသူ ၂ ဦးရှိပြီး၊ ဖမ်းဆီးခံရသူ ၄ ဦးရှိတယ်လို့ သိရပါတယ်၊ ဒါ့အပြင်
အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့ဟာ ၁၅လမ်း၊ ၁၆လမ်း၊ ၈၁ လမ်း၊ ၁၇ လမ်း၊ ၁၈ လမ်း၊ ၁၉လမ်းတစ်လျှောက်ကိုလည်း အကြမ်းဖက်ဝင်ရောက်ပစ်ခတ်တာတွေလုပ်တယ်လို့ သိရပါတယ်။ ၈၁ လမ်းနဲ့ ၁၆ လမ်းမှာတော့ လမ်းလျှောက်ဆန္ဒထုတ်ဖော်နေသူတွေကို စစ်တပ်က အိမ်စီးကားနဲ့ ဝင်တိုက်တာကြောင့် အမျိုးသမီးငယ် အယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ယနေ့ မတ်လ ၂၀ ရက်နေ့မှာပဲ မန္တလေးက သဘင်ပညာရှင်တွေကလည်း စစ်အာဏာရှင်ပြုတ်ကျရေး လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ရန်ကုန်၊ လှိုင်မြို့နယ်ရဲ့ အသံတိတ်သပိတ်

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ နေ့စဉ်ဖြိုခွဲခံနေရတဲ့ ရန်ကုန်က လှိုင်မြို့နယ်ဟာ ဒီနေ့ မတ်လ ၂၀ ရက်နေ့မှာ အသံတိတ်သပိတ်ပြုလုပ်ခဲ့ပါတယ်၊ စစ်အာဏာရှင်တိုက်ပွဲအတွင်းမှာ ကျရှုံးသွားတဲ့ ပြည်သူ့သူရဲကောင်းတွေကို ဂုဏ်ပြုသောအားဖြင့် အသံတိတ်သပိတ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ်က ရပ်ကွက်တွင်းလမ်းလျှောက်သပိတ်

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်သပိတ်ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် ကျဆုံးသူအများအပြားရှိလာတဲ့အပြင် ရပ်ကွက်တွင်းဝင်ရောက် အကြမ်းဖက်ပစ် ခတ်မှုတွေကြောင့် သင်္ကန်းကျွန်းမြို့နယ်တွင်း သပိတ်တွေနည်းလာခဲ့ပါတယ်၊ ဒါ့ကြောင့် ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ သင်္ကန်ကျွန်းမြို့နယ်က ပြည်သူတွေဟာ စစ်ကောင်စီဆန့်ကျင်ရေးကို ရပ်ကွက်များအတွင်း စီတန်းလှည့်လည်ကာ ဆန္ဒပြခဲ့ကြပါတယ်။
အရင်က အထိုင်သပိတ်ဆန္ဒပြခဲ့ကြတဲ့ သင်္ကန်းကျွန်း၊ လေးထောင့်ကန်လမ်းပေါ်မှာတော့ စစ်ကား ၄ စီးနေရာယူထားပြီး ဇဝနရပ်ကွက်ထဲကို ဝင်နိုင်မယ့် အဝင်လမ်း ၂ လမ်းက လမ်းထိပ်တံခါးတွေကို ဖျက်ဆီးခဲ့တာဖြစ်ပါတယ်၊ ဒါ့အပြင် လမ်းပေါ်မှာရှိတဲ့ ကွန်ဒိုက CCTV နဲ့ AKK ဈေးဝယ်စင်တာရှေ့က ATM စက်တွေက CCTV တွေကိုလည်းဖျက်ဆီးထားတယ်လို့ သိရပါတယ်။

သေဆုံးစာရင်းများခဲ့တဲ့ လှိုင်သာယာမြို့နယ်တွင်း မတ်လ ၂၀ ရက်နေ့ မြေပြင်အခြေအနေ

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးစာရင်းများခဲ့တဲ့ ရန်ကုန်၊ လှိုင်သာယာမြို့နယ်တွင်းကတော့ ဒီနေ့ မတ်လ ၂၀ ရက်နေ့မှာ တိတ်ဆိတ်ငြိမ်သက်နေပါတယ်၊ မြို့နယ်တွင်းမှာ ပိတ်ဆို့မှုမရှိဘဲ သွားလာလှုပ်ရှားသူအနည်းအကျဉ်းသာရှိပါတယ်၊ လိုင်းကားတချို့ ပြေးဆွဲပေးနေတာရှိပြီး စစ်ကောင်စီတပ်ဖွဲ့တွေကတော့ မိန်းလမ်းမကြီးတွေပေါ်မှာ အနည်းအကျဉ်း နေရာယူထားကြတယ်လို့ သိရပါတယ်။

မုံရွာမှာ ၂၀၀၈ အခြေခံဥပဒေစာအုပ်ကို မီးရှို့ပြီး ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ ဦးဆောင်သော မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းမှာ လူထုအင်အားထောင်ချီပါဝင်ခဲ့ကြပြီး သပိတ်စစ်ကြောင်းဟာ အတားအဆီအပိတ်အပင်မရှိဘဲ အောင်မြင်စွာ ချီတက်ဆန္ဒထုတ်ဖော်နိုင်ခဲ့ကြပါတယ်၊ သပိတ်စစ်ကြောင်းမှာ  ပါဝင်သူတွေဟာ ၂၀၀၈ အခြေခံဥပဒေအား အပြီးတိုင် ဖျက်သိမ်းကြောင်းကို အခြေခံဥပဒေစာအုပ်အား မီးရှို့ဖျက်ဆီးပြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ရေဦး ပင်မ သပိတ်စစ်ကြောင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားအဖြစ် ရေဦးဒေသခံပြည်သူ ထောင်ချီပြီး ဒီနေ့ မတ်လ ၂၀ ရက်နေ့မှာ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ကြပါတယ်၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း၊ ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများကို ပြန်လွှတ်ပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့က ပြည်သူတွေကလည်း ဒီနေ့ မနက်ပိုင်းမှာ အာဏာရှင်အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ကျွန်းလှမြို့နယ်လုံးဆိုင်ရာ အထွေထွေသပိတ်စစ်ကြောင်းမှာ လူအင်အား ၅ ထောင်ခန့်ဖြင့် မြို့ပတ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

တန့်ဆည်မြို့မှာ ပြည်သူသောင်းချီ ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့မှာ မနေ့က စစ်ကားတချို့ရောက်လာသည်ဆိုသော သတင်းများကြောင့် ပြည်သူလူထုက ဆန္ဒပြပြည်သူတွေကို လမ်းပေါ်ထွက်ဝန်းရံခဲ့ကြရာာ ဒီနေ့ မတ်လ ၂၀ ရက်နေ့မှာတော့ တန့်ဆည်မြို့ သပိတ်စစ်ကြောင်းက လူအင်အား ၃ သောင်းခန့်ရှိခဲ့တယ်လို့ သိရပါတယ်၊ တန့်ဆည်မြို့ပေါ်က သပိတ်စစ်ကြောင်းအပြင် တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာတွေကလည်း ကျေးရွာအလိုက်စစ်ကြောင်းများဖြင့် လာရောက်ပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးထဲက ဝက်လက်မြို့မှာလည်း ကျောင်းသား၊ကျောင်းသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ ပြည်သူလူထူအင်အားသောင်းချီပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် ဆန္ဒပြခဲ့ကြပါတယ်

ပြင်ဦးလွင်မြို့တွင် ပြောက်ကျားစနစ်ဖြင့် ဆန္ဒထုတ်ဖော်

ပြင်ဦးမြို့မှာ လုံခြုံရေးတင်းကြပ်စွာ ချထားတဲ့အတွက် ဆိုင်ကယ်သပိတ်စစ်ကြောင်းတွေ၊ ပြောက်ကျားစနစ်တွေနဲ့ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်၊ ပြင်ဦးမြို့ရဲ့နေရာတော်တော်များများမှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ စာတန်းတွေ စိုက်ထူပြီး လူမဲ့သပိတ်အဖြစ်လည်း ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ပဲခူးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း

ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီခွဲမှာ ပဲခူးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အပါအဝင် မြို့နေလူထုပင်မ၊ အထွေထွေသပိတ်စစ်ကြောင်းများနဲ့ ချီတက်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ရှမ်းပြည်နယ် ကျောက်မဲမြို့တွင် လူငယ်များဦးဆောင်ပြီး ထိုင်သပိတ်ပြုလုပ်

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် ဒီနေ့ မနက် အစောပိုင်းက လူငယ်များဦးဆောင်ပြီး ထိုင်သပိတ်ပြုလုပ်လျက်ရှိရာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပေမယ့် နံနက် ၉ နာရီခန့်မှာ ငြိမ်းချမ်းစွာလူစုခွဲသွားခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြည်သူတွေက ကျောက်မဲမြို့က တရုတ်သချိုင်းမှာ မနေ့ မတ်လ ၁၉ ရက်ညက အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ခေါင်းဆောင်တွေရဲ့ပုံတွေကို ကပ်ထားပြီး စစ်အာဏာရှင်ကျဆုံးရေးအတွက် ကျိန်စာတိုက်ဆုတောင်းခဲ့ကြပါတယ်။

တောင်ငူသပိတ်စစ်ကြောင်း

တစ်နိုင်ငံလုံးက စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုသပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက နေ့ရော၊ ညပါ အကြမ်းဖက်ဖြိုခွင်း၊ ပစ်ခတ်နေပေမယ့် ဒီနေ့ မတ်လ ၂၀ ရက်နေ့မှာတော့ တောင်ငူဒေသခံတွေဟာ စစ်အာဏာရှင်အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဧရာဝတီတော်လှန်ရေးသပိတ်စစ်ကြောင်း

ဧရာဝတီမြစ်ဘေးက မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ မင်းကွန်း၊ နန်းတော်ကျွန်း၊ စွန်းလွန်း၊ ဥဒေါင်း၊ ဆင်ကျွန်း၊ သပြေသာ၊ ကြိမ်တော၊ ရွာသာအေး၊ မြသီတာ၊ သမင်ခြံ၊ ပေါက်ဝဲစတဲ့ ကျွန်းထဲ ကျေးရွာတွေက ပြည်သူလူထုတွေဟာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်

မြန်မာနိုင်ငံကို အကြမ်းဖက်စစ်ကောင်စီအုပ်စု အာဏာသိမ်းယူထားတာ ရက်ပေါင်း ၄၈ ရက်ရှိပြီဖြစ်ပါတယ်၊ နိုင်ငံတစ်ဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မတ်လ ၁၉ ရက်နေ့အထိ သေဆုံးခဲ့သူပေါင်း ၂၃၅ဦးရှိပြီဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားပါတယ်၊ တစ်နိုင်ငံလုံးက စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုသပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက နေ့ရော၊ ညပါ အကြမ်းဖက်ဖြိုခွင်း၊ ပစ်ခတ်နေပေမယ့် လူထုဟာ ဒီမိုကရေစီရရှိရေးအတွက် သပိတ်စစ်ကြောင်းတွေ၊ ထိုင်သပိတ်တွေ၊ လူမဲ့သပိတ်တွေ၊ ပြောက်ကျားစနစ်သပိတ်စသဖြင့် ပုံစံအမျိုးမျိုးနဲ့  နေ့စဉ် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly