စစ်တပ်၏ အကြမ်းဖက်မှုများကို ရှုတ်ချရာ၌ အာရှနိုင်ငံများပါ ပါဝင်လာပြီး နိုင်ငံတကာ ဖိအားပေးမှု တိုးလာ 

စစ်တပ်၏ အကြမ်းဖက်မှုများကို ရှုတ်ချရာ၌ အာရှနိုင်ငံများပါ ပါဝင်လာပြီး နိုင်ငံတကာ ဖိအားပေးမှု တိုးလာ 

မတ် ၂၀ 

ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူများကို စစ်အာဏာသိမ်းအုပ်စု၏ ဖိနှိပ်မှုများ ရပ်တန့်အောင် နိုင်ငံတကာက ဖိအားပေးလျက်ရှိနေချိန် အာဏာသိမ်းမှု ဆန့်ကျင်သူများက စနေနေ့တွင် ဆန္ဒပြပွဲများ ပို၍ ဆင်နွှဲကြရန် စီစဉ်ထားသည်။ 

စစ်အုပ်စု၏ သေနိုင်သောအင်အား သုံးစွဲမှုကို အနောက်နိုင်ငံများက ရှုတ်ချရာ၌ အိမ်နီးချင်း အာရှနိုင်ငံများကပါ ပါဝင်ရှုတ်ချလာခဲ့ကြသည်။ 

ပြီးခဲ့သည့်ရက်က မိုးကုတ်မြို့တွင် စစ်သားများ ညပိုင်းပစ်ခတ်မှု၌ လူနှစ်ဦး သေဆုံးကြောင်း Myanmar Now သတင်းက ဖော်ပြသည်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှစပြီး သေဆုံးသူ ၂၃၇ ဦး ရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့၏ စစ်တမ်းကောက်ယူချက်အရ သိရသည်။ 

သေကျေပျက်စီးအောင် ဖြိုခွင်းမှုများသည် ရွေးကောက်ခံ အစိုးရအား ဖြုတ်ချပြီး ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခဲ့ခြင်းကြောင့် မကျေမနပ်ဖြစ် ခံပြင်းစိတ်များကို ချိုးနှိမ်နိုင်ခြင်း မရှိပေ။ ကိုယ်ပိုင် နည်းဗျူဟာများ ကျင့်သုံးဖော်ဆောင်မည်ဖြစ်ကြောင်း ဆန္ဒပြမှုများ ဆင်နွှဲသူအချို့က ပြောသည်။ 

“ရဲနဲ့ စစ်တပ် မရှိတဲ့နေရာမှာ ကျွန်တော်တို့ ဆန္ဒပြတယ်၊ သူတို့ လာပြီ ကြားတာနဲ့ အလျင်အမြန်ပဲ ကျွန်တော်တို့ လူစုခွဲလိုက်တယ်”ဟု ထားဝယ်မြို့က တက်ကြွလှုပ်ရှားသူ ကိုကျော်မင်းထိုက်က ရိုက်တာသို့ ပြောသည်။ 

“ကျွန်တော်တို့ထဲ တစ်ဦးတစ်ယောက်မျှကို အဆုံးရှုံး မခံချင်ဘူး၊ ဒါပေမယ့် ကျွန်တော်တို့ တော်လှန်ရေး အောင်မြင်တဲ့အထိ ကျွန်တော်တို့ နိုင်သလောက် ဆန္ဒပြသွားမယ်”ဟု ၎င်းက ဆိုသည်။ 

အခြားမြို့များတွင်လည်း ညပိုင်း ဖယောင်းတိုင်များ ထွန်းညှိပြီး လူစုရုံးမှုများ ပြုလုပ်ကြကာ ဆန္ဒပြကြွေးကြော်သံများ ကိုင်ဆောင်ကြပြီး ပို့စ်တင်ကြသည်။ 

စစ်တပ်သည် လူမဆန်စွာ အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရပ်စ်က ၎င်း ပြောဆိုထားချက်ကို သောကြာနေ့တွင် ထပ်မံသုံးစွဲပြီး ရှုတ်ချလိုက်သည်။ တစ်စုတစ်စည်းတည်းသော နိုင်ငံတကာတုံ့ပြန်မှု အားချင်းလိုအပ်နေပြီဟု ဂူတာရပ်စ်က ပြောကြောင်း ၎င်း၏ ပြောဆိုခွင့်ရှိသူက ဆိုသည်။ 

စစ်ဗိုလ်ချုပ်ကြီးများသည် ပြည်သူများအပေါ် ရက်ရက်စက်စက် တိုက်ခိုက်နေသည်ဟု ပြောပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက တိုက်တွန်းသည်။ 

“စစ်ဗိုလ်ချုပ်တွေကို ငွေကြေးနဲ့ လက်နက် မရရှိအောင် ဖြတ်တောက်ပစ်ပြီး ကမ္ဘာက တုံ့ပြန်ရလိမ့်မယ်”ဟု ၎င်းက တွစ်တာတွင် ရေးသားသည်။ 

အမေရိကန်အောက်လွှတ်တော်က မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို ဥပဒေပြုရှုတ်ချခြင်းအား အတည်ပြုပြီး လွှတ်တော်အမတ်များကလည်း စစ်တပ်၏ ဆန္ဒပြသူများအပေါ် ပို၍ ရက်ရက်စက်စက် ပြုမှုနေခြင်းကို ဝေဖန်ပြစ်တင်ခဲ့ကြသည်။ 

အခြားနိုင်ငံ၏ ပြည်တွင်းရေးအား ဝေဖန်ပြောဆိုခြင်း မပြုဟူသော ကျင့်ဝတ်၌ နှစ်အတော်ကြာ အမြစ်တွယ်နေသည့် အိမ်နီးချင်းအာရှနိုင်ငံများကလည်း မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် တိုက်တွန်း ပြောဆိုလာသည်။ 

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာ့အရေး အရေးပေါ်အစည်းအဝေး ခေါ်ယူရန် အာဆီယံဥက္ကဋ္ဌဖြစ်သူ ဘရူးနိုင်းဘုရင်အား တောင်းဆိုသွားမည်ဟု ပြောသည်။ 

“မြန်မာမှာ သေဆုံးပျက်စီးမှုတွေ မရှိဖို့ အကြမ်းဖက်နေတာကို ချက်ချင်းရပ်ပါလို့ အင်ဒိုနီးရှားအနေနဲ့ တိုက်တွန်းတယ်”ဟု အွန်လိုင်းမိန့်ခွန်းတစ်ရပ်၌ ဂျိုကိုဝီက ပြောသည်။ 

“ပြည်သူတွေ ဘေးကင်းရေးနဲ့ လူမှုဘဝဖူလုံရေးက ထိပ်တန်းဦးစားပေးဖြစ်ရမယ်”ဟု ၎င်းက ဆိုသည်။ 

အင်ဒိုနီးရှား၏ အစည်းအဝေး ခေါ်ယူရေး တောင်းဆိုချက်ကို ထောက်ခံရင်း မလေးရှားဝန်ကြီးချုပ် ယက်ဆင်က လက်နက်မဲ့ အရပ်သားများအား သေလောက်အောင် အကြမ်းဖက်နေခြင်းအတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း ဆိုသည်။ 

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး တီယိဒိုရိုလော့ဆင်းကလည်း အာဆီယံက အရေးယူရန် ပြောသည်။ 

အာဏာသိမ်းမှုနောက် ဖြစ်လာသည့် အကြမ်းဖက်မှုများကို စင်ကာပူကလည်း ဆန့်ကျင်ကန့်ကွက်သည်ဟု ပြောဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly