ဖိလစ်ပိုင်မှာ နှစ်ချီပြီး ကျောင်းတွေ ပိတ်ထားတာကြောင့် စာသင်ကြားရေး အခက်ကြုံ

ဖိလစ်ပိုင်မှာ နှစ်ချီပြီး ကျောင်းတွေ ပိတ်ထားတာကြောင့် စာသင်ကြားရေး အခက်ကြုံ
Photo - AFP

မတ် ၁၅ ၊၂၀၂၁

ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းစဉ်အားနည်းချက်နဲ့ ကူးစက်ဖြစ်ပွားမှု တိုးပွားနေဆဲကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတာ တစ်နှစ်ကျော် ကြာလာတဲ့အချိန်မှာ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေဩာ စာသင်ကြားမှုစနစ်သစ်နဲ့အညီ လိုက်မီနိုင်ဖို့ မနည်းကို ရုန််းကန်နေရပါတယ်။  

ကျောင်းတွေမှာ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်မှာ စိုးရိမ်တာကြောင့် အစိးရဟာ ကလေးတွေကို အိမ်မှာပဲ နေဖို့ အမိန့်ထုတ်ထားပြီး ကလေးတွေအနေနဲ့က အွန်လိုင်းကနေ စာသင်ကြားကြရတာ ဖြစ်ပါတယ်။ 

စာသင်နှစ် အစ ကျောင်းတွေ ပြန်ဖွင့်ဖို့ ရှိရာက ကိုဗစ်-၁၉ ကြောင့် ပိတ်ထားရပြီး လေးလအကြာ အောက်တိုဘာလအတွင်းမှာ အစိုးရဟာ စာသင်ကြားရေး စနစ်သစ်ကို ချမှတ်ဖော်ဆောင်ခဲ့ပါတယ်။ ‘သဟဇာတပေါင်းစပ် သင်ကြားမှု’ ဆိုတဲ့ ဒီ အစီအစဉ်မှာ အွန်လိုင်းစာသင်ခန်းတွေ၊ ပုံနှိပ်စာရွက် ဖြန့်ဝေမှုတွေနဲ့ ရုပ်မြင်သံကြားနဲ့ လူမှုမီဒီယာကနေ သင်ရိုးတွေ ထုတ်လွှင့်သင်ကြားတာတွေ ပါဝင်ပါတယ်။ 

ဒါပေမယ့် ဖိလစ်ပိုင်က ကျောင်းသားကျောင်းသူ တော်တော်များများက အိမ်မှာ ကွန်ပျူတာ မရှိကြသလို အင်တာနက်လည်း မရှိတာကြောင့် ဒီ သင်ကြားရေးအစီအစဉ်ဟာလည်း ပြဿနာအကျပ်အတည်းထဲ ရောက်ရှိလို့နေတော့ပါတယ်။ 

“ကျွန်တော် ဒီ သင်ကြားရေးစနစ်ကို လိုက်မမီဘူး၊ ကျွန်တော်အတွက် ခက်ခဲတယ်”ဆိုပြီး မြစ်ကမ်းနံဘေးက တဲကုပ်အတွင်းမှာ ထိုင်နေတဲ့ လေးတန်းကျောင်းသား ဆာရန်နိုက ပြောပါတယ်။ 

“ကျောင်းမှာပဲ ပျော်ဖို့ကောင်းတယ်၊ အဲဒီမှာဆို စာသင်ရတာ ပိုလွယ်တယ်”ဟု ဆာရန်နိုက ပြောပါတယ်။ 

အသက် ကိုးနှစ်အရွယ် ဆာရန်နိုရဲ့ သိပ္ပံဘာသာရပ်ပြဆရာ နာဗာလက်စ်က ဖေ့ဘုတ်မက်ဆင်ဂျာကနေ စာသင်ကြားပေးနေပေမယ့် သူ့ ကျောင်းသား ၄၃ ယောက် ရှိတာမှာ တစ်ဝက်ပြည့်အောင်တောင် ဒီ မက်ဆင်ဂျာကို မသုံးနိုင်ကြပါဘူး။ 

“သိပ္ပံတို့၊ သင်္ချာတို့လို လက်တွေ့လိုအပ်တဲ့ ဘာသာရပ်တွေမှာ မက်ဆင်ဂျာကနေ ဘယ်လိုမျိုး ပို့ချပေးနိုင်မှာလဲ”ဆိုပြီး နာဗာလက်စ် ပြောပါတယ်။ 

သူအနေနဲ့ ကျောင်းသားတွေကို သင်ရိုးအတိုင်း ပြည့်မီအောင် မသင်ပေးနိုင်တာအတွက် စိတ်ပူပန်ပြီး စာသင်ခန်းတွေဆီ ကျောင်းသူကျောင်းသားတွေ ပြန်လည်ရောက်ရှိပြီး ကျောင်းတွေ ပြန်ဖွင့်ပေးနိုင်အောင် အစိုးရက မစီစဉ်ပေးနိုင်မှာအတွက်လည်း စိုးရိမ်မကင်း ဖြစ်နေပါတယ်။ 
“ဒီ ကပ်ဘေးကြောင့် ပညာသင်ကြားရေး အခွင့်အလမ်းတွေ မဆုံးရှုံးစေချင်ဘူး”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly