နိုဝင်ဘာ ၂၅၊ ရန်ကုန်။ ။ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၆ ဘောလုံးရာသီအတွက် ပြီးခဲ့သည့် ရာသီကအသင်းတွင်ကစားခဲ့သော ဘရာဇီးလူမျိုး ဂိုးသမား လူးဝဇ်ဖာနန်ဒိုကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သည်။ အသက် ၂၇ နှစ် အရွယ်ရှိ ဖာနန်ဒိုသည် ဘရာဇီးကလပ် ရက်ဘူးအသင်းမှ ရန်ကုန်အသင်းသို့ ၂၀၁၅ ခုနှစ်တွင် ပြောင်းရွေ့လာခဲ့ပြီး ရန်ကုန်အသင်းနှင့်အတူ ခြေစွမ်းပြကာ လိဂ်ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ကစားသမားတစ်ဦး ဖြစ်သည်။
“စာချုပ်သက်တမ်း ထပ်တိုးဖို့ ကမ်းလှမ်းခဲ့တဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ရန်ကုန်ယူနိုက်တက် အသင်းမှာ ကစားရတာ ဂုဏ်ယူစရာပါ။ နိုင်ငံတကာ ပြိုင်ပွဲတွေလည်း ကစားရမှာမို့ ကျွန်တော်အတွက် အခွင့် အရေး ကောင်းတွေ ရရှိလာမှာပါ။ ရန်ကုန်အသင်းနဲ့ အတူ ဒီနှစ်မှာလည်း ချန်ပီယံ သရဖူကို ထပ်မံ ဆွတ်ခူးဖို့ မျှော်မှန်းထားပါတယ်” ဟု ဖာနန်ဒိုက ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ပြီးခဲ့သည့် ရာသီမှ အဓိကတိုက်စစ်မှူး ဆီဇာ၊ အီမာဆင် နှင့် ကာနီကို တို့နှင့်လမ်းခွဲခဲ့ပြီး ဘရာဇီးလူမျိုး တိုက်စစ်မှူး အယ်ဒီဆင်၊ ဂါနာနောက်ခံလူ ဆိုဇာတို့ကို အသစ်ပြန်လည် အားဖြည့် ခေါ်ယူထားနိုင်ခဲ့သည်။