မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအား အကြမ်းဖက်ခြင်းအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အဖွဲ့ဝင်နိုင်ငံများအားလုံးက တစ်ညီတစ်ညွတ်တည်း ပြင်းထန်စွာ ရှုတ်ချသည့် ကြေညာချက်တစ်စောင်ကို မတ် ၁၀ ရက်က ထုတ်ပြန်လိုက်သည်။
ထို့ပြင် ဖမ်းဆီးထားသည့် နိုင်ငံခေါင်းဆောင်များအား အမြန်ဆုံး လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ်လအတွက် လုံခြုံရေးကောင်စီ ဥက္ကဌဖြစ်သည့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်ဂရင်းဖီးလ်က မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်မှုအား လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံးက တစ်ညီတစ်ညွတ်တည်း ပြစ်တင်ရှုတ်ချကြောင်း ပြောကြားသည်။
အဖွဲဝင် ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေးကောင်စီက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံကြောင်းနှင့် ဒီမိုကရေစီတည်ဆောက်မှု လုပ်ငန်းစဉ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကာ အကြမ်း ဖက်မှုကို ရှောင်ရှား၍ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နှင့် တရားဥပဒေ စိုးမိုးရေးတို့ကို အပြည့်အဝ လေးစား လိုက်နာရန် တောင်းဆိုလိုက်သည်။
လုံခြုံရေးကောင်စီက ဥက္ကဌ၏ ကန့်ကွက်မှုမရှိသော ကြေညာချက်တွင် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် မြန်မာပြည်သူများ၏ ဆန္ဒ၊လိုလားချက်နှင့်အညီ လုပ်ဆောင်ရန်လည်း တိုက်တွန်းထားသည်။
စစ်အာဏာသိမ်းမှုနှင့် အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို အရေးယူနိုင်ရေးအတွက် အမေရိကန်အနေ ဖြင့် နို်ငငံတကာအသိုင်းအဝိုင်းနှင့် ကျယ်ပြန်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အကြမ်းဖက်မှုများသည် မြန်မာနို်ငငံအတွင်းမှ နေရပ်စွန့်ခွာ ထွက်ပြေးသူများနှင့် ရိုဟင်ဂျာဒုက္ခသည်များအတွက် အခြေအနေပိုမိုဆိုးရွားလာမည်ကို စိုးရိမ်မိကြောင်နှင့် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း လုံခြုံရေးကောင်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။