တော်၀င်မိသားစုထဲ ၀င်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ အတွေး၀င်ခဲ့ကြောင်း မီဂန်မာကဲလ် ဖွင့်ဟ

တော်၀င်မိသားစုထဲ ၀င်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ အတွေး၀င်ခဲ့ကြောင်း မီဂန်မာကဲလ် ဖွင့်ဟ
Photo: EPA

မတ် ၈

မင်းသား ဟယ်ရီရဲ့ ဇနီး မီဂန် မာကဲလ်ဟာ သူမ ဗြိတိန်တော်၀င်မိသားစုထဲ ၀င်ခဲ့တဲ့နောက်ပိုင်း သူမကိုယ်ကိုယ် သတ်သေဖို့အထိ အတွေးစိတ်၀င်ခဲ့မိတဲ့အကြောင်း တနင်္ဂနွေနေ့က ရုပ်သံ အထူးအင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ဖွင့်ဟသွားခဲ့ပါတယ်။ ဒါ့အပြင် တော်၀င်မိသားစုထဲက လူမျိုးရေးခွဲခြားမှုတွေနဲ့ပတ်သက်လို့ သူမက စွပ်စွဲ ထုတ်ဖော်ခဲ့ပါတယ်။

သူမနဲ့ ခင်ပွန်းဖြစ်သူ ဟယ်ရီတို့ ဗြိတိန်တော်၀င်မိသားစုရဲ့ အဆင့်မြင့်အဖွဲ့၀င်တွေအဖြစ်ကနေ အံ့သြဖွယ် နောက်ဆုတ်ထွက်ခွာခဲ့မှုအကြောင်းကို ရှင်းပြရင်း မီဂန်က သူမဟာ စိတ်ကျန်းမာရေးအကျပ်အတည်း ပြဿနာနဲ့ ကြုံတွေ့ခဲ့ရစဉ်အတွင်း အကူအညီရဖို့ ငြင်းဆန်ခံခဲ့ရကြောင်း၊ မုသားတွေနဲ့ ပစ်မှတ်ထားခံခဲ့ရကြောင်းနဲ့ ယင်းအချိန်က သူမ မမွေးရသေးတဲ့ သားဖြစ်သူရဲ့ အသားအရောင်နဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ကြောင်း ပြောသွားခဲ့ပါတယ်။

လူဖြူ ဖခင်နှင့် လူမည်းမိခင်တို့ကနေ မွေးဖွားခဲ့တဲ့ မီဂန်က အိုပရာ ၀င်းဖရေးနဲ့ တွေ့ဆုံစကားပြောခဲ့တဲ့ အင်တာဗျူးမှာ သူမရဲ့ ဖြစ်စဉ်တွေကို ရင်ဖွင့်ထုတ်ဖော်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ ဗြိတိန်တော်၀င်သမိုင်းမှာ အထူးကဲဆုံး အခန်းတစ်ခု ဖြစ်လာခဲ့သလို ဗြိတိန်တော်၀င်အဖွဲ့အစည်းကို လှုပ်ခတ်ဖို့ ရှိနေပါတယ်။

“အဲဒီတုန်းက ကျွန်မ ရှေ့ဆက်ပြီးတော့ အသက်မရှင်ချင်တော့အထိ ဖြစ်ခဲ့ပါတယ်၊ ဒါက အရမ်းကို ရှင်းပါတယ်၊ အတောမသတ်တဲ့ အတွေးစိတ်အပေါ် ကြောက်လန့်ခဲ့ရပါတယ်” လို့ မီဂန်က ရန်လိုတဲ့ သတင်းစာတွေ၊ ဆိုရှယ်မီဒီယာတွေရဲ့ အမနာပ ရေးသားမှုတွေရဲ့ သူမအပေါ် သက်ရောက်မှုနဲ့ပတ်သက်လို့ ၀င်းဖရေးကို ပြောပြခဲ့ပါတယ်။

ကိုယ်၀န်လွယ်ထားရချိန်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုစိတ် ဖြစ်ခဲ့သလားလို့ မေးခဲ့ရာမှာ မီဂန်က “ဟုတ်ပါတယ်၊ ဖြစ်ခဲ့တာပေါ့၊ ဒါ အရမ်းကို ရှင်းလင်းခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်က ဘယ်လိုဘယ်ပုံ ခံစားခဲ့ရသလဲ မေးမြန်းရာမှာ သူမက “ကျွန်မ အရမ်းကို ကြောက်နေခဲ့မိတယ်၊ ဘာလို့လဲဆိုတော့ ဒါက တကယ့် လက်တွေ့ဖြစ်နေခဲ့တာလေ” လို့ ဆိုပါတယ်။

ဒါ့အပြင် သူမရဲ့ သားဖြစ်သူ အသားအရောင် ဘယ်လောက် မဲနေလိမ့်မလဲဆိုတာနဲ့ပတ်သက်လို့ တော်၀င် မိသားစုဘက်က စိုးရိမ်ပူပန်မှုတွေ ရှိခဲ့တယ်လို့ အသက် ၃၉ နှစ်ရှိ မီဂန်က ပြောခဲ့ပါတယ်။ သားဖြစ်သူ အာချီကို မွေးခဲ့တဲ့ ၂၀၁၉ မေလ ၆ ရက် မတိုင်ခင်က အာချီရဲ့ ပုံပန်း သဏ္ဍာန်နဲ့ပတ်သက်လို့ရော၊ ၎င်းကို လုံခြုံရေးပေးမှာလား ဆိုတာနဲ့ပတ်သက်လို့ရော ဟယ်ရီက သူမကို ပြောခဲ့တယ်လို့ မီဂန်က ပြောပါတယ်။

“ကျွန်မ ကိုယ်၀န်လွယ်ထားရတဲ့ လတွေမှာ ကျွန်မတို့ဟာ ‘ဒီကလေးကို လုံခြုံရေး ပေးမှာမဟုတ်ဘူး၊ သူ့ကို ဘွဲ့တစ်ခု ပေးတော့မှာ မဟုတ်ဘူး၊ သူ မွေးလာတဲ့အခါ သူ့အသားအရောင်က ဘယ်လောက်မဲနေနိုင်တယ်’ ဆိုတဲ့ စကားတွေနဲ့ပတ်သက်လို့ပဲ ပြောနေခဲ့ကြရတယ်” လို့ မီဂန်က ပြောပါတယ်။

“ဒါတွေက ဟယ်ရီက ကျွန်မကို ပြန်ပြောခဲ့တဲ့ စကားတွေပါ၊ ဒီစကားတွေက သူနဲ့ သူ့မိသားစုအကြား ပြောခဲ့တဲ့ စကားတွေပါပဲ” လို့ သူမက ပြောပါတယ်။

သူမနဲ့ ဟယ်ရီတို့ မြောက်အမေရိကကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့နောက်ပိုင်း ရုပ်သံမင်းသမီးဟောင်းကို ဗြိတိန်သတင်းစာတွေမှာ ခေါင်းမာသူ၊ အပိုင်ကြံသူ၊ ဖျက်ဆီးသူ အဖြစ် ‌ဖော်ပြခဲ့သလို ၎င်းတို့စုံတွဲ တော်၀င်မိသားစု အဆင့်မြင့်အဖွဲ့၀င်တွေအဖြစ်ကနေ ထွက်ခွာမှုနဲ့ပတ်သက်လို့လည်း အဆင်အခြင်မဲ့တဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တွေအဖြစ် ဖော်ပြခံခဲ့ရပါတယ်။

အိုပရာ ၀င်းဖရေးနဲ့ နှစ်နာရီကြာ အင်တာဗျူးကတော့ ဟယ်ရီရဲ့ မိခင် မင်းသမီး ဒိုင်ယာနာ ချားလ်မင်းသားနဲ့ လက်ထပ်ခဲ့တဲ့ အိမ်ထောင်ရေးအကြောင်း ၁၉၉၅ ခုနှစ်က အသေးစိတ်ထုတ်ဖော်ခဲ့မှုနောက်ပိုင်း အကြီးဆုံးသော တော်၀င်မိသားစုဆိုင်ရာ ဖွင့်ဟမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ အသက် ၃၆ နှစ်ရှိ ဟယ်ရီကလည်း ၎င်းရဲ့ မိသားစုအတွင်း သဘောကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်နေခဲ့ကြောင်း ထုတ်ဖော်ခဲ့သလို အခြေအနေအပေါ် ဖခင်ဖြစ်သူရဲ့ ကိုင်တွယ်ခဲ့ပုံအပေါ် စိတ်ပျက်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

ထီးနန်းဆက်ခံရမယ့် ဖခင်ဖြစ်သူ ချားလ်မင်းသားနဲ့ အကိုဖြစ်သူ မင်းသား ၀ီလျံတို့ဟာ ဘုရင်စနစ်ရဲ့ အစဥ်အလာတွေထဲ ပိတ်မိနေခဲ့ကြတယ်လို့ ဟယ်ရီက ပြောပါတယ်။

“သူတို့ ရုန်းမထွက်ကြဘူး၊ ဒီအပေါ်မှာလည်း ကျွန်တော် နားလည်စာနာမှု ရှိပါတယ်” လို့ ဟယ်ရီက ပြောခဲ့ပါတယ်။

ယခု အင်တာဗျူးကိုတော့ ၀င်းဖရေးက အမေရိကန် CBS ရုပ်သံဌာနကို ဒေါ်လာ  ၇သန်း နဲ့ ၉ သန်းအကြား ပမာဏနဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required