တရုတ်နိုင်ငံမှ Sinovac ကာကွယ်ဆေးထိုးပြီးနောက် အသက် ၆၃ နှစ်အရွယ် နာတာရှည်ဝေဒနာသည် အမျိုးသားတစ်ဦး သေဆုံး မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ကြောင်း ဟောင်ကောင် ကျန်းမာရေးအရာရှိများက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အမျိုးသားသည် ဖေဖော်ဝါရီ ၂၆ ရက်က ကာကွယ်ဆေးထိုးပြီးနောက် အသက်ရှူကြပ်လာသော ကြောင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆေးရုံတင်ခဲ့ရကြောင်း South China Morning Post သတင်းဌာနက ဖော်ပြခဲ့သည်။
ဆေးရုံသို့ရောက်ပြီးမကြာမီ ၎င်းသည် နှလုံးခုန်ရပ်တန်သွားပြီး နှလုံးကို နှိုးရန် ပြန်လည်လုပ်ဆောင်ခဲ့သော်လည်း ထိုနေ့၌ပင် သေဆုံးသွားခဲ့သည်။
“သူသေဆုံးမှုဟာ ကာကွယ်ဆေးနဲ့ ဆိုင်သလားဆိုတာ မသေချာသေးပါဘူး။ ဆေးရုံ တာ ဝန်ရှိသူတွေကနေ သတင်းအချက်အလက်တွေ ထပ်တောင်းထားပါတယ်” ဟု ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ အမျိုးသားကို ဆေးရုံသို့ ခေါ်ဆောင်လာစဉ် Sinovac ကာကွယ်ဆေးထိုးထားသည်ဟု ကျန်းမာရေး ဝန်ထမ်းများကို အသိပေးခဲ့သော်လည်း လူနာသည် နာတာရှည် ရောဂါဖြစ်နေသောကြောင့် ကာကွယ်ဆေးနှင့် သက်ဆိုင်ဟု သတ်မှတ်ခဲ့ကြသည်။
Sinovac ကာကွယ်ဆေးကို တရုတ်ဆေးကုမ္ပဏီ Sinovac Biotech က ထုတ်လုပ်ခဲ့ပြီး ရောဂါလက္ခဏာ အပျော့စားမှ အပြင်းစားအထိ ဖြစ်ပေါ်သော ကိုဗစ်-၁၉ ရောဂါကို ၅၀ ဒသမ ၄ ရာခိုင်နှုန်းအထိ ကာကွယ်မှု ပေးနိုင်သည်။
Sinovac ကာကွယ်ဆေးထိုးပြီးနောက် လွန်ခဲ့သော ရက်များအတွင်း နှလုံးခုန်မြန်ခြင်း၊ ငိုက်မြည်းခြင်းနှင့် သွေးပေါင်တိုက်လာခြင်းကဲ့သို့ ရောဂါလက္ခဏာများကြောင့် ဟောင်ကောင်တွင် ဆေးရုံသို့ ပို့ရသူ ၇ ဦးထက်မနည်း ရှိခဲ့သည်။
တရုတ်ပြည်မကြီးမှ ထုတ်လုပ်သည့် Sinovac ကာကွယ်ဆေးထိုးပြီးနောက် ဆိုးရွားသည့် လက္ခဏာများ ဖြစ်ပေါ်ခြင်းသည် အဆိုပါ ကာကွယ်ဆေးနင့် သက်ဆိုင်မှု မရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။ အဆိုပါကာကွယ်ဆေးကို လူ ၄ သောင်းအထိ ထိုးထားပြီး ဖြစ်သည်။