ဖေဖော်၀ါရီ ၁၇
အမေရိကန် ရေတပ်စစ်သင်္ဘောတစ်စင်းသည် လွတ်လပ်စွာ ရေကြောင်းသွားလာမှုအတွက် ခုတ်မောင်းမှုအဖြစ် ဖေဖော်၀ါရီ ၁၇ ရက်က တောင်တရုတ်ပင်လယ်ရှိ တရုတ်တို့ ပိုင်ဆိုင်ကြောင်း ပြောထားသည့် ကျွန်းများအနီး၌ ဖြတ်သန်းမောင်းနှင်ခဲ့သည်။
ယင်းသည် အငြင်းပွားရေပြင်အတွင်း ပေကျင်း၏ နယ်မြေပိုင်ဆိုင်ကြောင်း ပြောဆိုချက်များအပေါ် စိန်ခေါ်ရန် ၀ါရှင်တန်ဘက်မှ နောက်ထပ် ထပ်မံလုပ်ဆောင်လာသည့် လှုပ်ရှားမှုတစ်ခုလည်းဖြစ်သည်။
ဖျက်သင်္ဘော USS Russell သည် “နိုင်ငံတကာ ဥပဒေနှင့်အညီ စပရက်တလေကျွန်းများရှိ ရေကြောင်းသွားလာမှုဆိုင်ရာ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးခဲ့ကြောင်း” အမေရိကန် ရေတပ်၏ အမှတ် (၇) ရေတပ်စုက ပြောသည်။
တရုတ်တို့သည် ထိုကျွန်းစု တစ်ခုလုံးအတွက် အချုပ်အချာအာဏာ ပိုင်ဆိုင်ကြောင်း ပြောသော်လည်း ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်၀မ် နှင့် ဗီယက်နမ်တို့ကလည်း ထိုကျွန်းများ၏ တစ်ချို့တစ်၀က် သို့မဟုတ် အလုံးစုံကို ပိုင်ဆိုင်ကြောင်း ယှဥ်ပြိုင် ပြောဆိုထားခဲ့ကြသည်။
အရင်းအမြစ် ပေါကြွယ်၀သည့် ပင်လယ်ပြင်တွင် တရုတ်တို့ဘက်မှ ကျယ်ကျယ်ပြန့်ပြန့်ရှိသည့် နယ်မြေပိုင်ဆိုင်ကြောင်း ပြောဆိုချက်များသည် အထိအခိုက်မခံသော တရုတ်-အမေရိကန်ဆက်ဆံရေးတွင် တင်းမာသည့် တုံ့ပြန်မှုကို ဖြစ်စေသည့် အငြင်းပွားကိစ္စရပ်တစ်ခု ဖြစ်နေခဲ့သည်။
တရုတ်နှင့် အမေရိကန်တို့သည် ကုန်သွယ်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ မူလဇာစ်မြစ်များ၊ ဟောင်ကောင်၊ ထိုင်၀မ်အရေးအပြင် ၀ီဂါမွတ်ဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များ ဆိုသည့် အရေးကိစ္စများနှင့်ပတ်သက်ပြီး သဘောကွဲလွဲလျက် ရှိသည်။
ပေကျင်းသည် အကျိုးစီးပွား ယှဥ်ပြိုင်မှုနှင့်အတူ အိမ်နီးချင်းများကို အနိုင်ကျင့်ရန် ကြိုးပမ်းနေသည်ဆိုပြီး ၀ါရှင်တန်က ရှုတ်ချထားခဲ့သည်။ တစ်ဘက်တွင်လည်း အမေရိကန်သည် ဒေသတွင်း၌ မတည်မငြိမ်ဖြစ်စေရေး လှုံ့ဆော်ရန်နှင့် ပြည်တွင်းရေးကိစ္စများကို ၀င်စွက်ရန် ကြိုးပမ်းနေသည်ဟု တရုတ်က ထပ်တလဲလဲ ပြစ်တင်ထားခဲ့သည်။
ယခု အမေရိကန်စစ်သင်္ဘော စပရက်တလေ ကျွန်းများအနီးမှ ဖြတ်သန်းမှု မတိုင်ခင်က အမေရိကန် လေယာဥ်တင်သင်္ဘော အုပ်စုနှစ်ခု တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ခဲ့သလို အခြား စစ်သင်္ဘောတစ်စင်းလည်း ယခုလအစောပိုင်းက တရုတ်ထိန်းချုပ်သည့် ပါရာဆဲကျွန်းစုအနီး ဖြတ်ကာ ခုတ်မောင်းခဲ့သည်။
ထရမ့် အစိုးရလက်ထက်က မြင်တွေ့ထားခဲ့ရသည့် အခြေအနေ မြင့်တက်မှုများနောက်ပိုင်း လက်ရှိ အမေရိကန်သမ္မတ ဘိုင်ဒင် အစိုးရသည်လည်း ပေကျင်း၏ တောင်းဆိုပြောကြားချက်များအပေါ် စိန်ခေါ်သည့် လုပ်ဆောင်ချက်များကို လျှော့ချရန် အစီအစဥ် မရှိကြောင်းကို ယခုလုပ်ဆောင်ချက်များက ပြသလျက် ရှိသည်။