ပုသိမ်မြို့ အမှတ်(၄)ရက်ကွက် အမက(၂၄)ကျောင်းရှေ့ နေ့လည် ၁၂နာရီ ၁၅ မိနစ် အချိန်တွင် ဖေဖော်ဝါရီလ ၁၃ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အား ဂုဏ်ပြုသောအားဖြင့် အလေးပြုရန် ရဲတပ်ဖွဲ့သို့ ခွင့်တောင်းနေစဉ် ခွင့်တောင်းသည့်သူအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
"အဓိက ကျွန်တော်တို့က ဗိုလ်ချုပ် ကိုအလေးပြုချင်တာပါ။ အဲ့တော့ ခွင့်တောင်းတာပါ။ ခွင့်တောင်းတော့သူတို့က ဘာပြောလဲဆိုတော့ ဒီကိစ္စကို ဒီလိုလုပ်မယ်ဆိုရင် သူတို့ဘက်က ဥပဒေအရ ဆောင်ရွက်မယ်လို့ ပြောတယ်။ လူစုလူဝေးမလုပ်ဖို့ လော်စပီကာနဲ့အော်တယ်။ ပြောတဲ့အခါ ကျွန်တော်တို့ဘက်က ကျွန်တော်တို့လူတွေ အကုန်ပြန်နောက်ဆုတ်တယ်။ နောက်ဆုတ်တဲ့အချိန်မှာ ကိုကျော့မောင်က ရဲကို ထိုင်ပြီးတော့ကန်တော့တယ်။ ကန်တော့တဲ့အချိန်မှာပဲ သူတို့က ရဲအင်အားနဲ့ဝင်လာပြီး ဖမ်းသွားတယ်။"ဟု ၎င်းဖြစ်ကို မြင်တွေ့သူတစ်ဦးမှ ပြောသည်။
ဖေဖော်ဝါရီ လ (၁၂)ရက်နေ့တွင် ပုသိမ်မြို့ စစ်အာဏာသိမ်းမှုအား ဆန့်ကျင် ဆန္ဒထုတ်ဖော်သူများထဲမှ တက်ကြွလှုပ်ရှားသူနှစ်ဦး ဖမ်းဆီးခံရမှုအပေါ် ပုသိမ်မြို့ပေါ်ရှိ ပြည်သူများက ပုသိမ်ထောင်ရှေ့တွင် ထိုင်သပိတ်ပြုလုပ်၍ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် တောင်းဆိုမှုတွင်လည်း ၎င်း ဖမ်းဆီးခံရသူ ကိုကျော့မောင် ပါဝင်ကြောင်း သိရသည်။