ဓါးပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး စစ်အာဏာရှင်စနစ် ကျဆုံးပါစေကြောင်း လူမှုကွန်ရက်ပေါ်မှာ ဓါတ်ပုံတင်ပြီး ဆုတောင်းလို့ ဖမ်းဆီးခံရတဲ့ ဗေဒင်ဆရာ လင်းညို့တာရာကို ပြန်လွှတ်ပေးဖို့ မြို့ခံတွေက တောင်ဥက္ကလာပမြို့မရဲစခန်းရှေ့မှာ တောင်းဆိုနေကြပါတယ်။
စစ်အာဏာရှင်စနစ် ကျဆုံးပါစေကြောင်း ဆုတောင်းဓါတ်ပုံတင်တဲ့ ဗေဒင်ဆရာ လင်းညို့တာရာကို ဖေဖော်ဝါရီလ ၁၁ ရက် ည ၁၁ နာရီလောက်မှာ ရဲတပ်ဖွဲ့က နေအိမ်တံခါးသော့ကို ဖျက်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တပည့်ဖြစ်သူ ကိုပိုင်သူရက မဇ္စျိမကို ပြောပါတယ်။
ဘယ်ပုဒ်မတွေနဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။
လက်ရှိဗေဒင်ဆရာ လင်းညို့တာရာကို တောင်ဥက္ကလာပမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတာဖြစ်ပြီး သူ့ကို ပြန်လွှတ်ပေးဖို့ မြို့ခံတွေဟာ မနေ့ညကတည်းက ရဲစခန်းရှေ့မှာ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။