မန္တလေးမြို့ ၇၂ လမ်းနဲ့ ၇၃ လမ်းကြား၊ လမ်း ၃၀ မှာ ဆန္ဒပြပွဲကပြန်လာသူ လူငယ်တစ်ယောက် ဓားနဲ့အထိုးခံရလို့ လက်ပြင်နဲ့ နံကြား နှစ်နေရာမှာ ဒဏ်ရာရရှိခဲ့ပြီး ကျူးလွန်သူတွေကတော့ ချက်ခြင်းထွက်ပြေးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဒီနေ့ညနေ လေးနာရီခန့်မှာ အဆိုပါလမ်းကို လူငယ်အုပ်စုတစ်စု ရောက်ရှိလာပြီး ဓားနဲ့အထိုးခံရသူက ဆိုင်ကယ်ဆီပြတ်လို့ ပတ်ဝန်းကျင်ကို လိုက်လံအကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။
အကူအညီတောင်းလို့မရဘဲဖြစ်နေခဲ့ပြီး သူ့ဆိုင်ကယ်နားပြန်သွားခဲ့တဲ့နောက် အုပ်စုထဲကပဲ ဝိုင်းရိုက်ခဲ့တာလို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။ ဓားထိုးခံရသူနဲ့ ကျူးလွန်သူတို့ဟာ တစ်ဖွဲ့တည်း ဟုတ်၊ မဟုတ်တော့ သဲသဲကွဲကွဲမသိရသေးပါဘူး။
လူလေးဦးလောက်က ဝိုင်းဝန်းထိုးနှက် ကန်ကျောက်နေတာကြောင့် လမ်းကူးပြီး သော့ခတ်ထားတဲ့အိမ်တွေ ဘက်ပြေးလာချိန်မှာ လက်ပြင်ကို တစ်ချက်နဲ့ ဆိုင်ကယ်ဘက်ထွက်ပြေးချိန်မှာ နံကြားအောက်ဝမ်းဗိုက်ကို တစ်ချက်အထိုးခံခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူက ဆိုပါတယ်။
အခင်းဖြစ်နေရာကို ဆရာဝန်တချို့နဲ့လူမှုကူညီရေးအသင်းတွေရောက်ရှိလာပြီး ဒဏ်ရာရရှိသူကို ဆေးရုံကိုခေါ်သွားပါတယ်။
လက်ရှိအချိန်မှာတော့ အခင်းဖြစ်နေရာကို အမှတ် (၃)ရဲစခန်းက တာဝန်ရှိသူများရောက်ရှိလာပြီး အခင်းဖြစ်နေရာမှ CCTV တချို့ကို စစ်ဆေးကြည့်ရှုနေပါတယ်။