အီရန်နှင့် တင်းမာမှု ပြေလျော့ဟန်အဖြစ် အမေရိကန် လေယာဉ်တင်သင်္ဘော ပင်လယ်ကွေ့မှ ထွက်ခွာ

By The Times of Israel 
04 February 2021
အီရန်နှင့် တင်းမာမှု ပြေလျော့ဟန်အဖြစ် အမေရိကန် လေယာဉ်တင်သင်္ဘော ပင်လယ်ကွေ့မှ ထွက်ခွာ

ဖေဖော်ဝါရီလ ၄ ၊ ၂၀၂၁

သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်က တင်းမာမှု မြင့်တက်ခဲ့သော အီရန်နှင့် ဆက်ဆံရေး တင်းမာမှု ပြေလျော့ခြင်း လက္ခဏာဆောင်သည့် ဖြစ်စဉ်အနေဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရသည် ပင်လယ်ကွေ့ရှိ လေယာဉ်တင်သင်္ဘောကို ထွက်ခွာစေခဲ့သည်။

USS Nimitz လေယာဉ်တင်တိုက်ခိုက်ရေးသင်္ဘောအုပ်သည် အရှေ့အလယ်ပိုင်း အမေရိကန်စစ်တပ် ဗဟိုကွပ်ကဲနယ်မြေမှ အင်ဒို-ပစိဖိတ်ကွပ်ကဲ နယ်မြေသို့ ခုတ်မောင်းခဲ့ကြောင်း ပင်တဂွန်ပြောခွင့်ရသူ John Kirby က အင်္ဂါနေ့တွင် ပြောသည်။

ပင်လယ်၌ ကိုးလနီးပါး ရှိနေခဲ့သည့် Nimitz လေယာဉ်တင်သင်္ဘော အမေရိကန်ဆီ ဦးတည်ပြန်လာပြီလာဆိုသည့် သတင်းများနှင့် ပတ်သက်၍ ၎င်းက အတည်မပြုပေ။

သို့သော် ထရမ့်အစိုးရ လက်ထက်က ပင်လယ်ကွေ့၌ အမေရိကန် စစ်ရေးတည်ဆောက်မှုကို ထူထောင်ခဲ့သော်လည်း ဘိုင်ဒင်အစိုးရသည် အမေရိကန် လုံခြုံရေးအတွက် လိုအပ်ချက်အဖြစ် ယင်း လေယာဉ်တင်သင်္ဘော ပင်လယ်ကွေ့၌ ဆက်ရှိစရာ လိုသည်ဟု မရှုမြင်ကြောင်း Kirby က အရိပ်အမြွက်ပြောသည်။

အမေရိကန် စစ်စခန်းများနှင့် ပင်လယ်ကွေ့မဟာမိတ်များကို အီရန်စစ်တပ်၏ ခြိမ်းခြောက်မှုအပေါ် ပင်တဂွန်က လက်ရှိ အကဲဖြတ်ထားမှုနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးပြောဆိုရန် ၎င်းက ငြင်းဆန်သည်။

သို့သော် “ဒီလို ကိစ္စမျိုးကို ကျွန်တော်တို့ ပေါ့ပေါ့တန်တန် ဆွေးနွေးပြောဆိုမှာ မဟုတ်ဘူး။”ဟု ၎င်းက ဆိုသည်။

ပင်လယ်ကွေ့၌ မည်သို့သော ခြိမ်းခြောက်မှုမျိုးမဆို တုံ့ပြန်ရန် အင်ပြည့်အားပြည့် ရှိထားပြီးဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီး Lloyd Austin က ယုံကြည်ထားကြောင်းလည်း ၎င်းက ထပ်လောင်းပြောသည်။

“ပင်လယ်ကွေ့ကနေ အင်ဒို-ပစိဖိတ်ဆီ အခု လေယာဉ်တင်တိုက်ခိုက်ရေးသင်္ဘောအုပ်စုကို ရွှေ့တာဟာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ မဟာဗျူဟာကြီးကြီးမားမား ရှိထားပြီးသားပါ။”ဟု Kirby က ပြောသည်။

မဝေးသောအချိန်၌ ယင်းဒေသတွင် Nimitz နေရာ၌ အစားထိုး ထားရှိရန် ရှိလားဆိုခြင်းအား ၎င်းက မပြောဘဲ အမေရိကန်ရေတပ်၌ လေယာဉ်တင်သင်္ဘော အရေအတွက်မှာ အကန့်အသတ်ရှိနေသည်ဟုသာ မှတ်ချက်ပြု ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required