ဖေဖော်ဝါရီ ၃
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတင်း ရှရန်နာ ဘာဂျီနာက သူမအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်ကို “ပြင်းပြင်းထန်ထန် ရှုတ်ချတယ်” ဆိုပြီး လုံခြုံရေးကောင်စီကို ပြောကြားခဲ့တယ်လို့ ကုလ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို ထောက်ခံအားပေးကြောင်း ရှင်းလင်းတဲ့ ထုတ်ဖော်ချက်တစ်ရပ်ကို ကောင်စီအဖွဲ့၀င်တွေ စုပေါင်းပြီး ပေးပို့ကြဖို့ကိုလည်း သူမက တိုက်တွန်းခဲ့ပါတယ်” လို့ ကုလ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က မြန်မာစစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ ကျင်းပတဲ့ ကုလလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတစ်ခုအပြီးမှာ ပြောခဲ့ပါတယ်။
“ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် ခရစ္စတင်း ရှရန်နာ ဘာဂျီနာက ကောင်စီအဖွဲ့၀င်တွေကို ရှင်းလင်းပြောကြားရာမှာ မြန်မာမှာ မကြာသေးခင်က စစ်တပ်လုပ်ခဲ့တဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ပြောခဲ့ပါတယ်၊ ပြီးတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပေါ် အားပေးထောက်ခံကြောင်း ရှင်းလင်းတဲ့ ထုတ်ဖော်ချက်တစ်ခု တစ်စုတစ်စည်းတည်း ပေးပို့ကြဖို့ကိုလည်း သူမက ကောင်စီအဖွဲ့၀င်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က ပြောပါတယ်။
“နို၀င်ဘာ ၈ ရက် ရွေးကောက်ပွဲနောက်ပိုင်း ဥပဒေစိုးမိုးရေးကို ကာကွယ်စောင့်ရှောက်ဖို့ စစ်တပ်ရဲ့ ပေါ်လွင်တဲ့ ကတိပြုအာမခံချက်တွေကို ထောက်ဆရရင် ခု ဖြစ်ခဲ့တဲ့ အလှည့်အပြောင်းဖြစ်စဥ်တွေက အံ့အားသင့်စရာ ကောင်းသလို တုန်လှုပ်ဖွယ် ကောင်းတယ်လို့ အထူးသံတမန်က ပြောခဲ့ပါတယ်၊ သူမအနေနဲ့ အာဏာသိမ်းမှု မတိုင်မီ တစ်ရက်ကမှ စစ်တပ် ခေါင်းဆောင်တွေကို ဆက်သွယ်ထားခဲ့ကြောင်း သူမက ပြောပါတယ်၊ အစိုးရ၊ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဆက်သွယ်ပြောဆိုမှုတွေ လုပ်နေဆဲ ဖြစ်တယ်လို့ သူတို့ ပြောခဲ့ပါတယ်” လို့ ဒူဂျာရစ်က ပြောပါတယ်။
“ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ မိသားစု၀င်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အထူးသံတမန်က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်၊ ဒါက မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ကြီးမားတဲ့ ထိုးနှက်မှုတစ်ခု ဖြစ်တယ်လို့လည်း သူမက ထပ်လောင်း ပြောဆိုခဲ့ပါတယ်” လို့လည်း ဒူဂျာရစ်က ပြောပါတယ်။
“အားလုံးအနေနဲ့ အကြမ်းဖက်မှုကနေ ရှောင်ကြဥ်ဖို့ နဲ့ လူ့အခွင့်အရေးနဲ့ အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေအပေါ် အပြည့်အ၀ လေးစားတန်ဖိုးထားကြဖို့ အင်မတန် အရေးကြီးပါတယ်လို့လည်း သူမက ပြောခဲ့ပါတယ်၊ ၂၀၁၁ ခုနှစ်ကစပြီး မြန်မာမှာ အသွင်ကူးပြောင်းဖွင့်လှစ်မှုတွေ လုပ်ခဲ့တဲ့နောက်ပိုင်း အခြေအနေကောင်းလာပြီးမှ ဒုံးရင်းကို ပြန်ဆိုက်မှာကို ခွင့်မပြုနိုင်ကြောင်းလည်း သူမက အလေးပေး ပြောခဲ့ပါတယ်” လို့ ဒူဂျာရစ်က ပြောခဲ့ပါတယ်။