မြန်မာနိုင်ငံ၌ အကြမ်းဖက်နှိမ်နင်းမှုများရှိမည်ကို စိုးရိမ်ကြောင်း ကုလလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး သတိပေး 

မြန်မာနိုင်ငံ၌ အကြမ်းဖက်နှိမ်နင်းမှုများရှိမည်ကို စိုးရိမ်ကြောင်း ကုလလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး သတိပေး 

ဖေဖော်ဝါရီ ၂  

မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်နှင့် တခြားသောမြို့ကြီးများရှိ လမ်းများတွင် လုံခြုံရေးများချထားသည်ကိုကြည့်ခြင်းအားဖြင့် သဘောထားကွဲလွဲသောဖွင့်ဟထုတ်ဖော်မှုများအပေါ် အကြမ်းဖက်နှိမ်နင်းခြင်းများရှိမည်ကို အလွန်တရာစိုးရိမ်မိကြောင်း  ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး မီချဲလ် ဘာချီလက်၏ တနင်္လာနေ့ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။  

ငြိမ်းချမ်းစွာ စုရုံးခွင့်ကို လေးစားခြင်းနှင့် မလိုအပ်သော သို့မဟုတ် အင်အားအလွန်အကျွံသုံးမှုများကို ရှောင်ကြဉ်ခြင်းအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို လိုက်နာရမည်ဟု စစ်တပ်အား သတိပေးကြောင်း မီချဲလ် ဘာချီလက်ကပြောသည်။  

ဘာချီလက်က ယခုအချိန်၌ မြန်မာပြည်သူများနှင့်အတူ တညီတညွတ်တည်းရပ်တည်ရန် နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုလိုက်သည်။ စစ်အုပ်ချုပ်ရေးမှ အကူးအပြောင်းကာလအတွင်းတွင် မြန်မာနိုင်ငံမှ ကြိုးစားထားသည့် ထိရှလွယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအကျိုးအမြတ်များ ပြိုကွဲပျက်စီးခြင်းမှ ကာကွယ်နိုင်ရေးခြေလှမ်းများ လှမ်းကြရန် ဩဇာရှိနိုင်ငံများကိုလည်း တိုက်တွန်းလိုက်သည်။  

များစွာသော နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံများနှင့် အရပ်ဖက်ခေါင်းဆောင်များကလည် စစ်တပ်၏လုပ်ရပ်များကို ပြစ်တင်ရှုတ်ချကြသည်။  

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအနိုင်ရခဲ့သော ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲအပြီး စစ်တပ်နှင့်အစိုးရအကြား တင်းမာမှုများမြင့်တက်လာပြီးနောက် စစ်တပ်က အာဏာသိမ်းလိုက်ခြင်းဖြစ်သည်။  

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က စစ်တပ်၏လုပ်ရပ်များကို ရှုတ်ချကြောင်းပြသရန်နှင့် တိုင်းပြည်၏ အတိတ်ကာလလူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများအား တာဝန်ခံမှုရှိစေရန် နိုင်ငံတကာအား တိုက်တွန်းလိုက်သည်။  

"ဒီမိုကရေစီ ပြန်မရမချင်း ပြင်းထန်တဲ့ ပစ်မှတ်ထားပိတ်ဆို့မှုတွေနဲ့ လက်နက်ရောင်းချမှုပိတ်ဆို့ခြင်းအပါအဝင် တိကျပြတ်သားတဲ့အရေးယူမှုတွေလုပ်ဖို့ အရေးကြီးပါတယ်။ မြန်မာစစ်တပ်ကို တာဝန်ခံခိုင်းဖို့က နိုင်ငံတကာအသိုက်အဝန်းရဲ့တာဝန်သာဖြစ်ပါတယ်" ဟု လူ့အခွင့်အရေးကျွမ်းကျင်သူ Andrews က တနင်္လာနေ့ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။ 

စစ်တပ်အာဏာသိမ်းခြင်းသည် တိုင်းပြည်အပေါ် မှောင်မိုက်သည့်အရိပ်မည်း တစ်ဖန်ကျရောက်ခြင်းဖြစ်ကြောင်းနှင့် စစ်ဗိုလ်ချုပ်ကြီးများသည် ကြောက်ရွံ့မှုနှင့်စိုးရိမ်ဖွယ်အခြေအနေကို ဖန်တီးလိုက်ခြင်းဖြစ်သည်ဟု Andrews က ပြောသည်။  

ထို့ပြင် Andrews က ဒီမိုကရေစီစနစ်ကို ချက်ချင်းပြန်အပ်နှင်းရန်၊ ရွေးကောက်ခံကိုယ်စားလှယ်များကို အာဏာပြန်ပေးရန်နှင့် ထိန်းသိမ်းထားသူများအားလုံးကို လွှတ်ပေးရန် တောင်းဆိုလိုက်သည်။ 

ဆန္ဒပြသူ သို့မဟုတ် အရပ်သားများအပေါ် မည်သို့သောအင်အားအသုံးပြုမှုမျိုးကိုမဆို ရှောင်ရှားရန်နှင့် မြန်မာပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒပြမှုနှင့် ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်မှု အခွင့်အရေးကို တပ်မတော်အနေဖြင့် လေးစားလိုက်နာရန် တိုက်တွန်းလိုက်သည်ဟု Andrews က ပြောသည်။  

အထူးကိုယ်စားလှယ်သည်  လူ့အခွင့်အရေးကောင်စီ၏ အထူးလုပ်ထုံးလုပ်နည်းများအနက် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အစိုးရ သို့မဟုတ် အဖွဲ့အစည်းများနှင့်ကင်းလွတ်ကာ မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်သူများဖြစ်သည်။ ၎င်းတို့သည် ကုလသမဂ္ဂ၏ ဝန်ထမ်းလည်းမဟုတ်သလို လစာလည်း ယူခြင်းမရှိပေ။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly