ဖွဲ့စည်းပုံပြင်ဖို့ အချိန်မကျသေးဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

ဖွဲ့စည်းပုံပြင်ဖို့ အချိန်မကျသေးဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဝါရှင်တန်ပို့စ် သတင်းစာမှ Senior Associate Editor ဖြစ်သူ Lally Weymouth တို့၏ တွေ့ဆုံမေးမြန်းမှုကို  ဝါရှင်တန်ပို့စ် သတင်းစာ၏ အင်တာနက် စာမျက်နှာတွင် Burma’s top general: ‘I am prepared to talk and answer and discuss’ with Aung San Suu Kyi’s government ခေါင်းစဉ်ဖြင့် ဖေါ်ပြပါရှိသည်ကို ဘာသာ ပြန်ဆိုဖေါ်ပြခြင်းဖြစ်သည်။

ဤတွေ့ဆုံမေးမြန်းမှုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ဗိုလ်ချုပ်မှူးကြီး၏ သဘောထားကို မေးမြန်းရာတွင် အချိန်မကျသေးဟု ပြန်လည် ပြောဆိုခဲ့သည်။ ဖွဲ့စည်းပုံပါ ၅၉(စ) နှင့် ပတ်သက်သည့် အမြင်၊ ငြိမ်းချမ်းရေး အခြေအနေတို့ကို ဖတ်ရှုရမည်ဖြစ်သည်။

 

အာဏာ အပြောင်းအလဲဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်အချိန်လောက် တွေ့ဖြစ်ပါမလဲ။

လာမယ့် ဒီဇင်ဘာမှာပါ။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ အပြီးသတ်တဲ့အခါ ကျွန်တော်တို့ တွေ့ဆုံမှာပါ။

 

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့အတွက် တားမြစ်ထားတဲ့ ဖွဲ့စည်းပုံ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်လိုတဲ့ ဆန္ဒရှိပါသလား။

ဒါက ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်လို့ မရပါဘူး။ ဖွဲ့စည်းပုံ အခန်း ၁၂ မှာ ဖွဲ့စည်းပုံကို မည်သည့် ပြင်ဆင်မှုမျိုးကို မဆို လွှတ်တော်မှာ ဆွေးနွေးရမှာပါ။ ဒါကို ကျွန်တော့်မှာ တိုက်ရိုက် တာဝန်မရှိပါဘူး။

 

ဒါပေမယ့် ပြင်ဆင်ပြောင်းလဲရေးမှာ ရှင်ထောက်ခံပေးလို့ ရတယ်မဟုတ်လား။ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းက တပ်ကို ကိုယ်စားပြုတယ်။ ဒေါ်အောင်ဆန်းစုကြည် အကြီးကျယ်ဆုံး အောင်မြင်ခဲ့တာကို ကြည့်ရင် ရှင့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ဆိုတာ တရား မျှတတယ်လို့ မတွေးနိုင်ဘူးလား။

ကျွန်တော်တို့ ဥပဒေက လူတစ်ဦး တစ်ယောက်အတွက် ဦးတည် ပြဌာန်းတာ မဟုတ်ပါဘူး။ ပြင်ဆင် မယ်ဆိုရင် လုပ်ထုံးလုပ်နည်းတွေ အရပဲ လုပ်သွားရမှာ ဖြစ်ပါတယ်။

 

ဒါဆို ရှင်ပြောတဲ့ သဘောသွားက No ဆိုတာပဲပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ခွင့်မပြုဘူးပေါ့။

ကျွန်တော် ခွင့်မပြုဘူး မပြောဘူး။ ဒါက ဥပဒေအရပဲ ဖြစ်တယ်လို့ ပြောတယ်။

 

နိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်တွဲ လုပ်သွားမှာပါလား။

ဒါက ရေရှည် တိုင်းပြည်အကျိုးစီးပွားအတွက် အလွန် အရေးကြီးတဲ့ အရာပါ။

 

သူနဲ့ တွဲလုပ်နိုင်ပါ့မလား။

ဘာကြောင့်မေးတာလဲ။

 

သူ့ကို ယုံကြည်မှု ရှိလားလို့ပါ။

တိုင်းပြည်အတွက် ကောင်းမွန်တဲ့ ရလဒ်တွေ ရှိထားမယ်ဆို ကျွန်တော်တို့ အတူလုပ်နိုင်ပါတယ်။ ပူးပေါင်း လက်တွဲသွားဖို့ နည်းလမ်းတွေ အများကြီးပါ။

 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှင်နဲ့ အပေးအယူ မျှဖို့အတွက်က ခက်ခဲနိုင်မလား။

ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ခံယူချက်ရှိရင် ကိစ္စတွေကို စေ့စပ်ညှိနှိုင်း သွားနိုင်မှာပါ။

 

နိုင်ငံရဲ့အာဏာကို အရပ်သားအစိုးရထံ ပိုလွှဲပြောင်းပေးဖို့ စိတ်ဆန္ဒရှိပါလား။

နိုင်ငံက တည်တည်ငြိမ်ငြိမ် ဖြစ်ပြီဆိုရင်တော့ ဖြစ်လာမှာပါ။

 

ဒါဆို နိုင်ငံတည်ငြိမ်တဲ့အခါ ရှင်အနေနဲ့ အရပ်သားအစိုးရထံ ပိုပြီး အာဏာပေးအပ်မယ်လို့ ဆန္ဒရှိတယ်ပေါ့။

ဟုတ်ပါတယ်။

 

တည်ငြိမ်တဲ့ အခြေအနေ ဆိုတာကိုလည်း ပြောပြပါဦး။

နံပါတ်တစ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေပါ။ နိုင်ငံတွင်းမှာ စစ်မှန်ပြီး တင်းပြည့် ကျပ်ပြည့် ငြိမ်းချမ်းရေး ကျွန်တော်တို့ လိုအပ်ပါတယ်။ နှစ်အချက်အနေနဲ့ ပါတီပေါင်းစုံ ဒီမိုကရေစီစနစ် ရင့်ကျက်ခိုင်မာဖို့ပါ။ နံပါတ်သုံး တိုင်းရင်းသားတွေနဲ့ အစိုးရကြား ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတို့ပဲ ဖြစ်ပါတယ်။

 

အစိုးရနဲ့ အပစ်ရပ်စာချုပ်မှာက တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့ပဲ လက်မှတ်ထိုးခဲ့တယ်။ ကျန်အဖွဲ့တွေလည်း လက်မှတ်ထိုးဖို့ လိုလားပါသလား။

ကျန်တဲ့ အဖွဲ့တွေလည်း အပစ်ရပ်စာချုပ်မှာ ပါဝင် လက်မှတ်ထိုးဖို့ လိုပါတယ်။

 

ရိုဟင်ဂျာ ဆိုသူတွေအပေါ် မြန်မာနိုင်ငံက ဆက်ဆံပုံတွေကို ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ရှင်အနေနဲ့ ဘယ်လို ယူဆပါသလဲ။

ကျွန်တော်တို့က ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးခွင့်မပြုနိုင်ဘူး။ သူတို့က ဘင်္ဂလီတွေပါ။ မြန်မာနိုင်ငံ တိုင်းရင်းသားတွေလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံသားတွေလည်း မဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်က ရောက်လာကြသူတွေပါ။

 

အမေရိကန်ရဲ့ ကျန်နေသေးတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းတာ လိုလားပါသလား။

ဟုတ်ကဲ့။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းတယ်ဆိုတာ ကောင်းမွန်တဲ့ အရာပါ။

 

ကျွန်မအနေနဲ့ ၄၃၆ ပုဒ်မအကြောင်းဆီ ပြန်သွားလိုပါတယ်။ ဒါက ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့က လွှတ်တော်မှာ ၇၅ ရာခိုင်နှုန်း ထောက်ခံဖို့ လိုပါတယ်။ စစ်တပ်က မဲပေးနိုင်တာ ၂၅ ရာခိုင်နှုန်းပါ။ ဒါက ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ဗီတိုအာဏာသုံးနိုင်တာပါ။ NLD က ထုနဲ့ထည်နဲ့ နိုင်ခဲ့တာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ပိုလွယ်ကူအောင် ဒီပုဒ်မကို ပြင်လိုပါသလား။

ကျွန်တော်တို့ တပ်မတော်က အမျိုးသား နိုင်ငံရေးကို အလေးထားပါတယ်။ ပါတီနိုင်ငံရေး မဟုတ်ပါဘူး။ ကျွန်တော်တို့က ဖွဲ့စည်းပုံအပေါ်မှာ တင်းကျပ်မထားပါဘူး။ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးလည်း ကျွန်တော်တို့ လက်မှတ်ထိုးထားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံတွင်းမှာ ရင့်ကျက်ခိုင်မာတဲ့ တည်ငြိမ်တဲ့ နိုင်ငံရေး လိုပါတယ်။ ကျွန်တော်တို့ တဖြည်းဖြည်း ပြောင်းလဲသွားဖို့လိုပါတယ်။ အခုအချိန်က အသင့်မဖြစ်သေးပါဘူး။

 

အရပ်သားတွေထံ အာဏာပိုလွှဲပြောင်းဖို့ ဘာတွေ လိုသလဲ။

ဒါက နိုင်ငံတည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေကို ပြည်သူတွေ နားလည်သဘောပေါက်မှုမှာ မူတည်ပါတယ်။ တစ်ချို့တိုင်းပြည်တွေ ဒီမိုကရေစီ ကူးပြောင်းတော့ ပြဿနာများစွာ ရင်ဆိုင်ကြ ရပါတယ်။

 

အရှေ့အလယ်ပိုင်းနဲ့ အာရပ်နွေဦးကို ဆိုလိုတာလား။

အရှေ့အလယ်ပိုင်းက အဆိုးဆုံး ဥပမာတစ်ရပ်ပါ။ ကျွန်တော်တို့မှာလည်း ဒီမိုကရေစီ အတွေ့အကြုံက အချိန်ပိုင်းပဲ ရှိပါတယ်။ နိုင်ငံအတွက် အကျိုးဆက်ကောင်းတွေ ဖြစ်လာဖို့ ကျွန်တော်တို့ စိတ်ရှည်ဖို့ လိုပါတယ်။ နိုင်ငံမှာ အလျင်အမြန် အပြောင်းအလဲလုပ်ဖို့က ကျွန်တော်တို့တွေအတွက် အလွန်ခက်ခဲမှုတွေ ရှိပါတယ်။

 

ရွေးကောက်ပွဲက အနေအထားတွေနဲ့ ပတ်သက်ပြီးလည်း ပြောပါဦး။

ကျွန်တော့်အထင် လက်ရှိအစိုးရက ပြည်သူ့တွေရဲ့ ဆန္ဒကို မဖြည့်ဆည်း ပေးနိုင်ဘူးထင်ပါတယ်။ ပြည်သူတွေက သူတို့ဆန္ဒကို ဖြည့်ဆည်းမယ်ထင်သူကို ရွေးချယ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ရွေးချယ်ခံ ပုဂ္ဂိုလ်အနေနဲ့ ပြည်သူဆန္ဒကို ဖြည့်ဆည်းပေးသွားရမှာ ဖြစ်ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါ စစ်တပ်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ အာမခံ ရလိုသလား။

ဒီအတွက် ကျွန်တော်မှာ ဘာမှ စိုးရိမ်မနေဘူး။

 

ကောင်းပါပြီ။ ကုန်လွန်ခဲ့တဲ့ နှစ်တွေက ဖြစ်ပျက်ခဲ့တာတွေ အတွက် ရှင့်မှာ တာဝန်မရှိဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေအပေါ် စစ်တပ်က ကျုးလွန်ခဲ့တဲ့ နာကျင်ခံစား နစ်နာရမှုတွေအတွက် ရှင် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရသလား။

ဒီအဖြစ်အပျက် အခြေအနေတွေအတွက် ကျွန်တော်မှာ တာဝန်မရှိပါဘူး။ ဒါက ပြီးခဲ့တဲ့ အတိတ်က နိုင်ငံရေး အခြေအနေတွေကြောင့်ပါ။

 

အစိုးရသစ်နဲ့ စေ့စပ်မှုတွေ ဖြစ်လာတဲ့အခါ ရှင် ငြင်းလိုတဲ့ အကြောင်းအရာ ရှိသလား။ ဘာကို ရှင် မပြောင်းလဲ ချင်ဘူးလဲ။

တွေ့ဆုံ စကားပြောဖို့၊ ဖြေကြားဖို့၊ ဆွေးနွေးဖို့ ကျွန်တော် ပြင်ဆင်ထားပါတယ်။ အကန့်အသတ် ဘောင်တွေ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မည်သည့် အကြောင်းအရာမဆို ပြောဆိုနိုင်ပါတယ်။ ကျွန်တော်က ဖြေကြားသွားမှာ ဖြစ်ပါတယ်။

 

ဒါပေမယ့် ၅၉(စ) ပြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောလာရင်ရော။ ရှင်ဘာပြောမလဲ။

သူ့ကို ကျွန်တော့် သဘောထားအမြင်ကို ရှင်းပြမှာပဲဖြစ်တယ်။

 

ရွေးကောက်ပွဲရလဒ်အပေါ် စစ်တပ်က မည်သည့် ဝင်ရောက်စွက်ဖက်ခြင်းမှ မရှိဘူး ဆိုတာကို နိုင်ငံတကာ အသိုင်းအဝန်းအပေါ် ရှင်အနေနဲ့ အာမခံနိုင်ပါသလား။

ကျွန်တော်တို့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတပါတယ်။ သမ္မတကြီးကလည်း အစိုးရ ပြောင်းလဲမှုကို သဘောတူပြီး ဖြစ်ပါတယ်။ ဒါက မှန်ကန်တဲ့ အကြောင်းအရာပါ။ ကျွန်တော်တို့က ကျွန်တော်တို့ သမ္မတကြီးကို နာခံသွားဖို့ပဲ ရှိပါတယ်။

Source - https://www.washingtonpost.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly