လိုအပ်ပါက အမှုသည်များရှေ့တွင် မဲစာရင်းကြည့်ရှု့စစ်ဆေးသွားမည်ဟု UEC ထုတ်ပြန်

လိုအပ်ပါက အမှုသည်များရှေ့တွင် မဲစာရင်းကြည့်ရှု့စစ်ဆေးသွားမည်ဟု UEC ထုတ်ပြန်
ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ရွေးကောက်ပွဲ ကန့်ကွက်လွှာများကိုစစ်ဆေးနေပြီး လိုအပ်ပါက နှစ်ဖက်အမှုသည်များရှေ့တွင် ဉပဒေနှင့်အညီ မဲစာရင်းအပါအဝင် စာရွက်စာတမ်းများကို ကြည့်ရှု့စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်သည်။

ရွေးကောက်ပွဲနှင့်ပက်သက်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်သူများသည် ဉပဒေနှင့်အညီ UEC ထံကန့်ကွက်လွှာများတင်ထားခဲ့ပြီး ကန့်ကွက်လွှာအမှုပေါင်း ၂၈၇ မှုရှိကြောင်းသိရသည်။ အဆိုပါစုစုပေါင်းစရင်းထဲတွင် မဲဆန္ဒရှင်များကတိုင်ကြားမှု ၉၄ မှု နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ကန့်ကွက်မှု ၁၉၃ မှုဖြစ်ကြောင်းလည်း UEC ကထုတ်ပြန်သည်။

ထို့အပြင် UEC သည် ရွေးကောက်ပွဲဆိုင်ရာကိစ္စများအတွက် လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိသောအဖွဲ့အစည်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

တပ်မတော်မှထုတ်ပြန်သကဲ့သို့ မဲစာရင်းထပ်မှုများရှိနိုင်သည်ကို မငြင်းဆိုသော်လည်း ကိုဗစ်ကာလ နယ်ကျော်ကာ နေ့ချင်းပြီး မဲသွားပေးမရခြင်း၊ တစ်ပတ်ခန့်သည့်မပျက်နိုင်သည့် ဆေးရည်မင်တို့ထားခြင်းနှင့် မဲရုံအဖွဲ့ဝင်များမှလည်း စစ်ဆေးမှုများရှိ၍ မဲမသမာမှုမရှိနိုင်ကြောင်းဆိုသည်။

၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင်လည်း မဲစာရင်းအချက်အလက်များအားနည်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ် တွင်လည်းအားနည်းခဲ့သည်ကိုလက်ခံသော်လည်း မဲမသမာမှုမဖြစ်နိုင်ဟု UEC ကဆိုသည်။

မဲစာရင်းမိတ္တူကူးယူခွင့်ကိုလည်း အချိန်လုံလောက်သည်အထိ နည်းဉပဒေများနှင့်အညီခွင့်ပြုထားခဲ့ပြီး  မဲဆန္ဒရှင်စာရင်းပုံစံ (၁) မူရင်းသည် ရွေးကောက်ပွဲကျင်းပပြီးနောက် အခြားစာရွက်စာတမ်းများနှင့်အတူ လုံခြုံစွာထုပ်ပိုး ချိပ်တံဆိပ်ရိုက်နှိပ်ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲများက ထိန်းသိမ်းထားကြောင်းလည်း UEC ကထုတ်ပြန်ခဲ့သည်။

ထို့အပြင် တပ်မတော်သားများနှင့် အတူနေမိသားစုဝင်များအတွက် သက်ဆိုင်ရာ တပ်ရင်း/ တပ်မှူးများထံမှ ပေးပို့လာသည့် မဲစာရင်းအတိုင်း စိစစ်မှုမရှိဘဲ မဲစာရင်းတွင်ထည့်သွင်းပြုစုပေးခဲ့ကြောင်းလည်းသိရသည်။

အလားတူ မဲမသမာမှုများဖြစ်လာနိုင်သည့် မဲစာရင်းထပ်မှုပေါင်း ၈ သန်းကျော်ရှိနေ၍ UEC အစိုးရ နှင့် ပြည်ထောင်စုလွှတ်တော်တို့မှဖြေရှင်းပေးပါရန် တပ်မတော်မှတောင်းဆိုနေသောအချက်ကိုလည်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။

UEC က “ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရတို့နှင့် နည်းလမ်းရှာပြီး ညှိနှိုင်းဖြေရှင်းပေးရန်၊ စုပေါင်းအဖြေရှာရန် မည်သည့်ဉပဒေကမျှ အာဏာအပ်နှင်းထားခြင်း မရှိပါ” ဟူ၍ UEC ၏ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အလားတူ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သည့်  မဲဆန္ဒရှင်ပြည်သူလူထုက သက်ဆိုင်ရာနယ်မြေအလိုက် ကိုယ်စားလှယ်များကိုတင်မြောက်ခဲ့ခြင်းဖြစ်ကြောင်းလည်းဆိုသည်။

“နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဟူသော နိုင်ငံတော်အခြေခံမူအရ မဲဆန္ဒရှင်ပြည်သူလူထု၏ သဘောထားကို ညှိနှိုင်းဖြေရှင်းပြီး အတိုးအလျော့ အပေးအယူဖြင့် မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကမျှဉပဒေကျော်လွန်ပြောင်းလဲ၍ မရကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုသို့ပြုလုပ်ခဲ့မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဉပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဉပဒေ၊ လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲ ဉပဒေများကိုချိုးဖောက်ခြင်းဖြစ်သကဲ့သို့ မဲဆန္ဒရှင်ပြည်သူ၏ ဆန္ဒကိုလည်းဆန့်ကျင်ရာရောက်ကြောင်း ပါထည့်သွင်းရေးသားခဲ့သည်။

UEC မှထုတ်ပြန်ခဲ့သည့် အချက် ၁၅ ချက်အနက် နောက်ဆုံးအချက်တွင် ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများ၊ ပြစ်မှုများရှိပါက နစ်နာသူများအနေဖြင့် ဉပဒေနှင့် နည်းဉပဒေပါပြဋ္ဌာန်းချက်များအတွက် ကန့်ကွက်ပြီး ရွေးကောက်ပွဲခုံအဖွဲ့၏ အဆုံးအဖြတ်ကိုသာ ခံယူရန်ဉပဒေမှ အခွင့်အရေးပေးထားကြောင်းထည့်သွင်းဖော်ပြထားသည်။  

ခုံအဖွဲ့၏ အဆုံးအဖြတ်ကိုမကျေနပ်ပါက အယူခံတင်သွင်းနိုင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှလည်း ဥပဒေနှင့်အညီ စစ်ဆေးကြားနာဆုံးဖြတ်ပေးသွားမည်ဟုလည်း အသိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required