ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုးကို ငါးနှစ်အတွင်း ယန်း ထရီယံ ၆၀၀ ရည်မှန်းချက်ချထားခြင်း ပြည့်မှီရေးအတွက် ဂျပန်အစိုးရ၏ စီးပွားရေးစေ့ဆော်မှု လုပ်ငန်းစဉ်မူကြမ်း တစ်ရပ်တွင် အနိမ့်ဆုံးလစာနှုန်းထားများ တိုးမြှင့်ပေးရန် အစီအစဉ်လည်း ပါဝင်သည်။
အဆိုပါလုပ်ငန်းစဉ်မူကြမ်းကို ရိုက်တာသတင်းဌာနက သတင်းရရှိခဲ့ခြင်းဖြစ်ပြီး မူကြမ်းတွင် စားသုံးသူအသုံးစရိတ်မြင့်မားစေရေးအတွက် ပင်စင်စားများအား ဘဏ္ဍာငွေထောက်ပံ့မှုအချို့ ပေးသွားရန်လည်း ဖော်ပြထားသည်။
စွမ်းအင်အကျိုးအမြတ်မြှင့်တင်မည့် စက်ရုံ၊အလုပ်ရုံများတွင် ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီများအား ဝန်ကြီးချုပ်ရှင်ဇိုအာဘေးအစိုးရက ထောက်ပံ့သွားရန်နှင့် အသေးစားကုမ္ပဏီများဖြင့် ငွေလုံးငွေရင်း အသုံးစရိတ်ကို မြှင့်တင်သွားရန်လည်း မူကြမ်းတွင် ပါရှိသည်။
ထိုပြင် အဆိုပါ မူကြမ်းအရ ယှဉ်ပြိုင်မှုများ မြင့်မားစေရန် ကော်ပိုရိတ်အခွန်နှုန်းထား ၃၀ ရာခိုင်နှုန်းအောက် လျှော့ချသွားမည့် အချိန်ကာလအပိုင်းအခြားကိုလည်း သတ်မှတ်ပေးသွားမည်ဖြစ်သည်။
နိုဝင်ဘာ ၂၄ ရက်တွင် ကျင်းပရန်ရှိသည့် အစိုးရထိပ်သီးအကြံပေးများအစည်းအဝေးတွင် ယခုမူကြမ်းအား စီးပွားရေးဝန်ကြီး အကီရာအမာရီက တင်သွင်းမည်ဖြစ်သည်။ ရှင်ဇိုအာဘေးအစိုးရက စီးပွားရေးစေ့ဆော်မှု လုပ်ငန်းစဉ်များကို ယခုနှစ် မကုန်မီ လက်စသတ်ဆောင်ရွက်လျက်ရှိနေသည်။
Ref ; Reuters