အိန္ဒိယမှာ လယ်သမားတွေရဲ့ ဆူပူအုံကြွမှု ဖြစ်ပြီးနောက် လုံခြုံရေးတင်းကျပ်ပြီး လမ်းတွေပိတ်ထား

အိန္ဒိယမှာ လယ်သမားတွေရဲ့ ဆူပူအုံကြွမှု ဖြစ်ပြီးနောက် လုံခြုံရေးတင်းကျပ်ပြီး လမ်းတွေပိတ်ထား
Photo - AFP

ဇန်နဝါရီ ၂၈

အိန္ဒိယနိုင်ငံမှာ တောင်သူလယ်သမားတွေက မြို့တော်မှာ ဆူပူရမ်းကားမှုတွေ လုပ်ခဲ့ပြီးနောက် တစ်ရက်အကြာ ဇန်နဝါရီ ၂၇ ရက်မှာ အိန္ဒိယရဲတွေက နယူးဒေလီ တစ်ခွင်ရှိ အဓိကလမ်းမကြီးတစ်ချို့ကို ပိတ်ထားခဲ့ပြီး လုံခြုံရေးကို တိုးမြှင့်တင်းကျပ်ထားခဲ့ပါတယ်။

ဇန်နဝါရီ ၂၆ ရက်မှာ လယ်သမားတွေက ဆူပူရမ်းကားမှုတွေ လုပ်ခဲ့ပြီးနောက် လူတစ်ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာတွေ ရခဲ့ပါတယ်။

အဆိုပါ အကြမ်းဖက်မှုကတော့ နိုဝင်ဘာလနှောင်းပိုင်းကတည်းက မြို့ရဲ့ အစွန်အဖျားနေရာတွေမှာ ကမ့်ထိုးစခန်းချနေခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ လယ်သမားတွေနဲ့ အစိုးရအကြား လိပ်ခဲတည်းလည်း အခြေအနေတစ်ရပ်မှာ သိသာထင်ရှားတဲ့ အရှိန်မြင့်တက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

လယ်သမားတွေကတော့ အများအားဖြင့် ပန်ဂျပ်ဘ် အပါအဝင် အိန္ဒိယမြောက်ပိုင်း ပြည်နယ်တွေကနေ လာတာဖြစ်ပြီး ၎င်းတို့ဟာ လယ်ယာစိုက်ပျိုးရေး ပြုပြင်ပြောင်းလဲမှုအသစ်တွေကို ဖျက်သိမ်းဖို့ ဆန္ဒရှိနေကြတာ ဖြစ်ပါတယ်။ အစိုးရရဲ့ အဆိုပါ စိုက်ပျိုး‌ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအသစ်တွေကြောင့် ၎င်းတို့ဟာ အရွယ်အစားကြီး ကော်ပိုရေးရှင်းတွေ ပြုသမျှ နုရမယ့် အခြေအနေကို ရောက်သွားမှာကို လယ်သမားတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

အင်္ဂါနေ့က မြို့တော်မှာ အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားတစ်ခု ကျင်းပနေစဉ်အတွင်း ထွန်စက်တွေနဲ့ လယ်သမားယာဉ်တန်းတွေဟာ မြို့လယ်ခေါင်မှာ စု‌ဝေးဖို့အတွက် အတားအဆီးအရံအတားတွေကို တိုက်ဖျက်ချိုးဖောက်ခဲ့ကြရာမှာ နံပါတ်တုတ်ကိုင် ရဲတွေက တားဆီးနှိမ်နင်းပြီး မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အတားအဆီးတစ်ခုကို ဝင်တိုက်ပြီးနောက် ထွန်စက် တိမ်းမှောက်ရာကနေ တောင်သူတစ်ဦး သေဆုံးခဲ့ပြီး ဒါဟာ မတော်တဆမှုတစ်ခု ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ အနည်းဆုံး ရဲ ၈၆ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မြို့ရဲ့ အခြားနေရာတွေမှာလည်း လုံခြုံ‌ရေးတပ်တွေနဲ့ ဆန္ဒပြတောင်သူတွေ ထိပ်တိုက်တွေ့ ပဋိပက္ခတွေ ဖြစ်ခဲ့ကြပါတယ်။ တောင်သူတွေက သစ်ကိုင်းတွေ၊ တုတ်ချောင်းတွေနဲ့ ရဲတွေကို တိုက်ခိုက်ခဲ့သလို ၎င်းတို့ ယာဉ်တန်းကို တားဖို့ အသုံးပြုထားခဲ့တဲ့ ဘတ်စ်ကားတွေကို အပိုင်စီးခဲ့ကြပါတယ်။

သမိုင်းဝင်ခံတပ်နီအထင်ကရနေရာမှာတော့ လယ်သမားတွေက ရဲအတားအဆီးတွေကို ချိုးဖျက်ဝင်ပြီး အလံတိုင်တစ်ခုမှာ ၎င်းတို့ရဲ့ ကိုယ်ပိုင် အမှတ်သင်္ကေတကို စိုက်ထူခဲ့ရာမှာ လူအုပ်စုထဲကနေ သြဘာတွေ ပေးခဲ့ကြပါတယ်။ အဲဒီနောက် လုံခြုံရေးတပ်တွေကြောင့် အဆိုပါ ခံတပ်နီရှိ လူအုပ်စုတွေလည်း လူစုကွဲသွားခဲ့ပါတယ်။

အဓိကလမ်းမကြီးတစ်ခုမှာတော့ နေအိမ်အမိုးပေါ်တွေက လူတွေက ထွန်စက် ယာဉ်တန်းကို ပန်းပွင့် ပွင့်ဖတ်တွေနဲ့ ပစ်ချခဲ့ပါတယ်။ လယ်သမားတွေ အိန္ဒိယအလံတွေ ဝှေ့ယမ်းပြီး ဟွန်းတွေတီးရင်း ဖြတ်သန်းခဲ့ကြချိန် လူတွေက လက်ခုပ်တီးသြဘာပေးခဲ့ကြပါတယ်။

ညဘက်အချိန်ရောက်ချိန်မှာတော့ လယ်သမားတွေဟာ မြို့ပြင်က ကမ့်စခန်းတွေဆီ ပြန်လည်ဆုတ်ခွာသွားခဲ့ကြပါတယ်။

ယင်းနောက် မြို့တော်မှာ လုံခြုံရေး တိုးမြှင့်ဖို့အတွက် စစ်တပ်ကို ထောက်ကူတဲ့ လက်နက်ကိုင်အဖွဲ့ အဖွဲ့ခွဲ ၁၅ ခုကို လုံခြုံရေးအတွက် အားဖြည့်ဖို့ ပြည်ထဲရေးဝန်ကြီး အမစ် ရှားက ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းမှာတော့ အဓိကလမ်းတွေကို ရဲတွေက ပိတ်ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေက အတားအဆီးအရံအတားတွေ ထူထောင်ထားခဲ့ရာမှာ ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ခံတပ်နီ အနီးအနားမှာလည်း အဓိကရုဏ်းရဲတွေ တပ်ချထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly