အိမ်မှာပဲနေပြီး တီဗီကြည့်နေရန် ကလေးငယ်တွေကို ဒူတာတေး ပြော

အိမ်မှာပဲနေပြီး တီဗီကြည့်နေရန် ကလေးငယ်တွေကို ဒူတာတေး ပြော
Photo - AFP

ဇန်နဝါရီ ၂၇

ဖိလစ်ပိုင်နိုင်ငံမှာ ဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကို ရင်ဆိုင်တိုက်ဖျက်နေရချိန်မှာ သမ္မတ ဒူတာတေးက အသက် ဆယ်နှစ်မှ ၁၄ နှစ်ကြား ကလေးငယ်တွေ အိမ်ပြင်ထွက်တာကို ပြန်လည်တားမြစ်လိုက်ပြီး အိမ်ထဲမှာပဲ နေရင် တီဗီကြည့်နေဖို့ ကလေးငယ်တွေကို ပြောဆိုလိုက်ပါတယ်။

နိုင်ငံမှာ ပျက်စီးဆုံးရှုံးမှု ကြီးမားတဲ့ လော့ဒေါင်းနဲ့ ကန့်သတ်စည်းမျဉ်းတွေ ဖြေလျှော့ပြီး စီးပွားရေးကို ပြန်ဖွင့်ပေမဲ့လည်း ကပ်ဘေးစတင်ချိန်ကစလို့ ကလေးအားလုံးကို အိမ်မှာပဲနေရန် stay-at-home အမိန့်ထုတ်ထားသလို အသက်ကြီးပိုင်းတွေအတွက်လည်း အမိန့်ထုတ်ထားတာပါ။

“မင်းတို့ အိမ် မင်းတို့ ပြန်ကြပါ။ ကလေးတွေဟာ တီဗီကြိုက်ကြပါတယ်။ သူတို့တွေ တစ်နေကုန် ထိုင်ကြည့်နိုင်ကြတယ်။”ဆိုပြီး ဒူတာတေးက ပြောပါတယ်။

စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာကြဘဲ မိဘတော်တော်များများက သူတို့ ကလေးတွေကို ပန်းခြံဥယျာဉ်တွေနဲ့ လမ်းတွေပေါ် ထွက်ကစားခွင့် ပြုထားတာဖြစ်ပါတယ်။ နိုင်ငံမှာ နေ့စဉ်ဘဝလိုအပ်ချက်ဖြစ်ပြီး စားသုံးသူအသုံးစရိတ် ရရှိစေတဲ့ ဈေးဝယ်စင်တာတွေဆီ မိသားစုတွေ သွားရောက်ခွင့်ကိုလည်း တားမြစ်ထားပါတယ်။ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားဆဲ ဖြစ်ပါတယ်။

ဒီလို သွားလာလှုပ်ရှားမှုတွေကို အချိန်ကြာမြင့်စွာ ကန့်သတ်တားမြစ်ထားတာကြောင့် နှစ်သုံးဆယ်အတွင်း ပထမဆုံး ကြုံနေရတဲ့ စီးပွားရေးကျဆင်းမှုကနေ ဦးမော့နိုင်ရေးမှာ ဖိစီးမှု ကြုံနေရတော့တာပဲ ဖြစ်ပါတယ်။

အသက် ဆယ်နှစ်ကနေ ၁၄ နှစ်ကြား ကလေးဝွေကို ဖေဖော်ဝါရီလကစပြီး အပြင်ထွက်ခွင့်ပေးမယ်လို့ အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် လုပ်ငန်းစဉ်အဖွဲ့က သောကြာနေ့မှာ ကြေညာခဲ့တာပါ။

ဒါပေမယ့် ဒူတာတေးဟာ အဲဒီ ဆုံးဖြတ်ချက်ကို တနင်္လာနေ့မှာ ပယ်ဖျက်ပြီး သူ့အနေနဲ့ ပိုပြီး ကူးစက်မှုနှုန်း မြန်တဲ့ ဗြိတိန်မှာ စတင်တွေ့ရှိတဲ့ ဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဘေးအန္တရာယ်နဲ့ ကလေးငယ်တွေကို မကြုံရစေချင်ဘူးလို့ ပြောပါတယ်။

နိုင်ငံတွင်းမှာ အဲဒီ ဗီဇကွဲပိုး ကူးစက်သူ လက်ရှိအထိ ၁၇ ဦး ရှိရာမှာ သုံးဦးက ကလေးငယ်တွေ ဖြစ်ပါတယ်။

“ဗီဇကွဲဗိုင်းရပ်စ်က ကလေးငယ်တွေမှာ ကူးစက်ပျံ့နှံ့လာမှာကို ကျွန်တော် စိုးရိမ်တယ်။”ဆိုပြီး ဒူတာတေးက ပြောပါတယ်။

ဒူတာတေး ခုလို မပြောခင် နာရီပိုင်းကပဲ ကုန်သွယ်ရေးဝန်ကြီး ရာမွန်လိုပက်ဇ်က ကလေးငယ်တွေကို အပြင်ထွက်ခွင့် ပေးတာဟာ စားသုံးသူဝယ်လိုအားကို မြင့်တက်စေမှာ ဖြစ်ပြီး ဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကြောင့် အထိနာနေတဲ့ စီးပွားရေး ပြန်လည်နိုးကြားလာဖို့ အကူအညီဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

စီးပွားရေးရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ မိသားစုတွေ သွားလာလှုပ်ရှား ဆောင်ရွက်တာတွေကနေ ပွင့်သီးတာဖြစ်တာကြောင့် ဒါကို ခွင့်မပြုဘဲ ထားထားရင် စီးပွားရေး ဦးမော့နိုင်မှာ မဟုတ်ဘူးလို့ လူမှုစီးပွား စီမံကိန်းဝန်ကြီးဌာန ယာယီဝန်ကြီး ကန်ဒရစ်ချူရာက ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း သန်းဝက်ကျော်ထက်မနည်း ရှိပြီး အရှေ့တောင်အာရှမှာ ကူးစက်မှုအများဆုံး တစ်နိုင်ငံလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly