အိန္ဒိယရဲ့ နိုင်ငံတော်နေ့အခမ်းအနားကို လွှမ်းမိုးဖို့ ဆန္ဒပြတောင်သူတွေ ထွန်စက်သပိတ်ဆင်နွှဲရန် စီစဉ်

အိန္ဒိယရဲ့ နိုင်ငံတော်နေ့အခမ်းအနားကို လွှမ်းမိုးဖို့ ဆန္ဒပြတောင်သူတွေ ထွန်စက်သပိတ်ဆင်နွှဲရန် စီစဉ်
Photo - AFP

ဇန်နဝါရီ ၂၆

အိန္ဒိယမှာ ထွန်စက်တွေစီးလာတဲ့ တောင်သူလယ်သမား ထောင်ပေါင်းများစွာဟာ အစိုးရရဲ့ စိုက်ပျိုးရေးဥပဒေပြုပြင်ပြောင်းလဲမှုကို ဆန္ဒပြဖို့အတွက်  တနင်္လာနေ့က နယူးဒေလီမြို့ပြင်ပမှာ စုဝေးခဲ့ကြပါတယ်။ 

နှစ်စဉ် ဇန်နဝါရီ ၂၆ ရက်မှာ ကျင်းပနေကျ အိန္ဒိယသမ္မတနိုင်ငံတော်နေ့အခမ်းအနားမှာ တင့်ကားတွေ၊ တပ်ဖွဲ့တွေ ပါဝင်တဲ့ စစ်ရေးပြပွဲနဲ့အပြိုင် ဆင်နွှဲဖို့ တောင်သူလယ်သမားတွေ ရောက်ရှိလာတာဖြစ်ပါတယ်။ 

တောင်သူလယ်သမားတွေဟာ နိုဝင်ဘာလကတည်းက နယူးဒေလီမြို့အဝင်ရဲ့ အဓိကနေရာတွေမှာ စခန်းတွေချပြီး သူတို့အဆိုအရ စိုက်ပျိုးရေးကဏ္ဍကိုလွှမ်းမိုးဖို့ လုပ်ငန်းရှင်ကြီးတွေကို ဖိတ်ခေါ်တယ်ဆိုတဲ့ စိုက်ပျိုးရေးဥပဒေတွေကို ဆန့်ကျင်နေကြတာဖြစ်ပါတယ်။ 

သမ္မတနိုင်ငံတော်နေ့အခမ်းအနားကျင်းပစဉ်အတွင်း ဝန်ကြီးချုပ် နရိန္ဒြာမိုဒီရဲ့ရှေ့မှောက်မှာ စစ်ရေးပြပွဲ ပြုလုပ်ပြီးတဲ့နောက် တောင်သူလယ်သမားတွေက ထွန်စက်တွေနဲ့အတူ စုဝေးပွဲကြီးလုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

အိန္ဒိယအလံတွေနဲ့အလှဆင်ထားတဲ့ ထွန်စက် အစီးရေထောင်ပေါင်းများစွာဟာ နယူးဒေလီမြို့ရဲ့ အဓိကဝင်ပေါက် သုံးနေရာမှာ စုဝေးပြီးပြီဖြစ်ပါတယ်။

နောက်ထပ် တောင်သူလယ်သမားအင်အား ၁၀ ၀၀၀ ခန့်ကလည်း တစ်သားတည်းဆိုတာပြသတဲ့အနေနဲ့ မွမ်ဘိုင်းမြို့မှာ စုဝေးနေကြပါတယ်။

အစဉ်အလာအရ ဂုဏ်သိက္ခာရှိတဲ့နေ့ထူးနေ့မြတ်မှာ ဆန္ဒပြတောင်သူလယ်သမားတွေကို  ထိန်းသိမ်းထားနိုင်ဖို့ အစိုးရက မြို့တော်တစ်လွှားမှာ လုံခြုံရေးတပ်ဖွဲ့တွေကို တပ်ဖြန့်ထားပါတယ်။

အိန္ဒိယသမ္မတနိုင်ငံတော်နေ့အခမ်းအနားမှာ တောင်သူလယ်သမားတွေက ပထမဆုံးအနေနဲ့ ပါဝင်ဆင်နွှဲမှာဖြစ်တယ်လို့  ဆန္ဒပြပွဲကိုထောက်ခံတဲ့ ဆွာရက်အိန္ဒိယပါတီက တက်ကြွလှုပ်ရှားသူ ယိုဂျန်ဒရာ ယာဒက်က ပြောပါတယ်။

အစိုးရရဲ့ နိုင်ငံတော်နေ့အခမ်းအနားပြီးသွားရင် ထွန်စက်အစီးပေါင်း ၁၂ ၀၀၀ လောက်ကို မြို့ထဲ ဝင်ခွင့်ပေးမယ်လို့ ရဲတွေက ပြောပါတယ်။ 

အစိုးရရဲ့ နှစ်စဉ်အသုံးစရိတ်ထုတ်ပြန်မယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာလည်း ဆန္ဒပြတောင်သူလယ်သမားတွေဟာ နယူးဒေလီက အမျိုးသားပါလီမန်ဆီ ခြေလျင်ချီတက်ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ လယ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

စိုက်ပျိုးရေးဥပဒေသစ်အရ တောင်သူတွေဟာ သူတို့ရဲ့ ထွက်ကုန်တွေကို အနည်းဆုံးဈေးသတ်မှတ်ပေးထားတဲ့ အစိုးရပိုင်အဖွဲ့အစည်းတွေဆီကတစ်ဆင့်ရောင်းချမယ့်အစား အလွတ်ဈေးကွက်မှာသာ ရောင်းနိုင်တော့မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly