သန်းနှင့်ချီသည့်ပိုလျှံမဲကိစ္စဖြေရှင်းပြီးမှ လွှတ်တော်ခေါ်ရန် ကျားဖြူပါတီပြော

သန်းနှင့်ချီသည့်ပိုလျှံမဲကိစ္စဖြေရှင်းပြီးမှ လွှတ်တော်ခေါ်ရန် ကျားဖြူပါတီပြော
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ရန်ကုန်၊ ဇန်နဝါရီ ၂၅

မဲပေးနိုင်သောဦးရေထက် မဲအရေအတွက်သန်းနှင့်ချီပိုလျှံနေသည့် မဲမသမာမှုများကိုဖြေရှင်းပြီးမှသာ လွှတ်တော်ခေါ်ယူရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဉက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောဆိုလိုက်သည်။

သို့မှသာ  ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲ အခင်းအကျင်းဖြစ်လာမည်ဟု ယူဆကြောင်းလည်း SNDP ပါတီ၏ ဇန်နဝါရီ ၂၄ ရက်နေ့ထုတ်ပြန်ချက်အရသိရသည်။

“ကျွန်တော်တို့ကတော့ ရှင်းစေချင်တာပေါ့။ ရှင်းပြီးမှ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ပြီးတော့မှ ခေါ်တာပိုကောင်းတာပေါ့။ ဒါကတော့ ခေါ်တာတော့ ရွေးကောက်ပွဲပြီးတော့ ရက် ၉၀ အတွင်း‌ခေါ်လို့ရတယ်လေ။ ဉပဒေအရခေါ်လို့ရတာပဲ။ ဒါပေမယ့် ရှင်းပြီးမှ ခေါ်တာတော့ ပိုကောင်းတာပေါ့” ဟု ပါတီဉက္ကဋ္ဌ စိုင်းအိုက်ပေါင်းကပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို လွှတ်တော်အသစ်မစမီ ဖြေရှင်းသွားရန် ရှိ၊ မရှိ နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မေးမြန်းရန် ဖုန်းဖြင့်ဆက်သွယ်သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပေ။

အနိုင်ရပါတီ NLD ဘက်ကမူ သီးခြားအမြင်တစ်ခုရှိနေပြီး အစိုးရမဖွဲ့ရန်၊ လွှတ်တော်မခေါ်ရန် ဉပဒေပြဋ္ဌာန်းချက် တစ်ခုခုနှင့်ညှိစွန်းသည်ဆိုပါက လွှတ်တော်ခေါ်ယူခြင်းကို ဆိုင်းငံ့ပေးမည်ဖြစ်ကြောင်းပြောသည်။

“ အခု အစိုးရဖွဲ့တာ လွှတ်တော်ခေါ်ခြင်းကို တားမြစ်တဲ့ ဘယ်ဉပဒေအပိုဒ်မှ ညှိစွန်းခြင်းမရှိပါဘူး။ ကော်မရှင်ရဲ့ မဲကွာခြားတယ်။ လွဲမှားမှုတွေရှိတယ်ဆို ကော်မရှင်ကရှင်းရမယ့်ကိစ္စပါ။ လွှတ်တော်ခေါ်ယူရေးကို ရွှေ့ဆိုင်းရမယ့်အကြောင်းမဟုတ်ပါဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်ကဆိုသည်။

ကျားဖြူပါတီ SNDP မှထုတ်ပြန်သည့် သန်းနှင့်ချီသည့်ပိုလျှံမဲများကိစ္စမှာ ဉပဒေအရဆိုပါက ရွေးကောက်ပွဲဆိုင်ရာကိစ္စဖြစ်နေ၍  လွှတ်တော်ခေါ်ယူခြင်းနှင့်မသက်ဆိုင်ဘဲ နိုင်ငံရေးအရတောင်းဆိုချက်တစ်ရပ်ဟုယူဆကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်းကလည်းသုံးသပ်သည်။

“လွှတ်တော်ဆိုင်ရာဉပဒေတွေနဲ့မသက်ဆိုင်တဲ့တောင်းဆိုချက်၊ ရွေးကောက်ပွဲဆိုင်ရာ ဉပဒေနဲ့သက်ဆိုင်တဲ့တောင်းဆိုချက်မို့လို့ တောင်းဆိုချက်တစ်စုံတစ်ရာ လုပ်ချင်ရင်လည်းပဲ သက်ဆိုင်ရာအကျုံးဝင်တဲ့ ရွေးကော်၊ ရွေးကောက်ပွဲကော်မရှင်နဲ့သက်ဆိုင်မယ့် အကျုံးဝင်ပြဿနာဖြစ်တယ်လို့ ကျွန်တော်တို့သုံးသပ်နိုင်တယ်” ဟု ၎င်းကဆိုသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ရွေးကောက်ပွဲ ကျင်းပအပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်သစ်တစ်ရပ်ကို ခေါ်ယူရမှာဖြစ်ပြီး ဒုတိယကြိမ် လွှတ်တော်သက်တမ်း ၅ နှစ်သည် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်တော့မည်ဖြစ်သည်။

ထို့ကြောင့် တတိယအကြိမ်လွှတ်တော်တက်မည့် ကိုယ်စားလှယ်များသည် နေပြည်တော်ကိုရောက်ရှိနေပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လွှတ်တော်အစည်းအဝေးများကို ခေါ်ယူကျင်းပရန်ပြင်ဆင်နေကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags