၂၀၂၀ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဆင်းရဲတွင်းနက်သူ ၁. ၅ သန်းခန့်ရှိဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၀ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဆင်းရဲတွင်းနက်သူ ၁. ၅ သန်းခန့်ရှိဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

ဇန်နဝါရီ ၂၁ 

ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်၌ ဆင်းရဲတွင်းနက်ခဲ့သော ထိုင်းနိုင်ငံသား ၁. ၅ သန်းခန့်ရှိခဲ့သည် ခန့်မှန်းရကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံ၌ ဆင်းရဲမွဲတေသူပေါင်း ၃.၇ သန်းရှိရာမှ ၂၀၂၀ ၌ ၅.၂ သန်းအထိ မြင့်တက်လာခဲ့သည်ဟု ခန့်မှန်းရပြီး အဓိကအားဖြင့် ကပ်ရောဂါ၏ ဆိုးရွားသောအကျိုးသက်ရောက်မှုများကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်မှ ထိုင်းနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင် Kiatipong Ariyapruchya က ပြောသည်။

နိုင်ငံ့စီးပွားရေး တဖြည်းဖြည်း ဦးမော့လာမည်ဟု မျှော်လင့်ရပြီး အလုပ်အကိုင်များပြန်လည်ရရှိလာမှုကြောင့် ၂၀၂၁ ခုနှစ်တွင် ဆင်းရဲနွမ်းပါးသူအရေအတွက် ငါးသန်းအထိကျဆင်းမည်ဟု ခန့်မှန်းထားသည်ဟု Mr Kiatipong က ပြောသည်။

ထိုင်းနိုင်ငံ၏ဆင်းရဲမွဲတေမှုအချိုးအစားသည် ၂၀၁၉ က ၆.၂ % ရှိခဲ့ရာမှ ၂၀၂၀ တွင် ၈.၈% သို့ မြင့်တက်ခဲ့ကာ ယခု ၂၀၂၁ ခုနှစ်၌ ၈.၄ % သို့ ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

လူတစ်ဦး၏ တစ်နေ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၅.၅၀ (၁၆၅ ဘတ်) ရှိပါက ဆင်းရဲမွတေမှုမျဉ်း အဖြစ် ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသည်။ 

“ကိုဗစ်-၁၉ ကပ်ရောဂါက အထူးသဖြင့် ပြီးခဲ့တဲ့ ပထမနှစ်ဝက်မှာ ထိုင်းရဲ့ အလုပ်သမားဈေးကွက်ကို သိသိသာသာ သက်ရောက်ခဲ့ပါတယ်။ အလုပ်အကိုင်တွေ ဆုံးရှုံးမှု မြင့်တက်ခဲ့ပြီး အလုပ်လက်မဲ့ဦးရေ ပိုများလာခဲ့ပါတယ်။ ဒါဟာ ထိုင်းလူမျိုးတွေရဲ့ ဝင်ငွေကို လျော့နည်းစေခဲ့ပါတယ်” ဟု Mr Kiatipong က ပြောသည်။ 

၂၀၂၀ ခုနှစ် ပထမနှစ်ဝက်က ထိုင်းနိုင်ငံ၌ အမျိုးသားများအား အလုပ်ချိန် နှစ်နာရီနှင့် အမျိုးသမီးများအတွက် အလုပ်ချိန် သုံးနာရီ အသီးသီးလျှော့ခဲ့ကာ အသားတင်အလုပ်ဆုံးရှုံးမှု ၃၄၀ ၀၀၀ ရှိခဲ့သည်။ 

ပုဂ္ဂလိကကဏ္ဍရှိလုပ်အားခများ ၁.၆ % လျော့နည်းခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍတွင် ကြီးကြီးမားမား ကြုံတွေ့ခဲ့ရသည်။ 

တတိယသုံးလပတ်တွင် အလုပ်ရှင်များက အသားတင်အလုပ်အကိုင် ၈၅၀ ၀၀၀ နီးပါး ခန့်အပ်လာခြင်းနှင့်အတူ အခြေအနေ စတင်တိုးတက်လာပြီး နိုဝင်ဘာလအထိ ဆက်လက်တိုးတက်နေခဲ့သည်။ 

စီမံခန့်ခွဲရေးနှင့်ထောက်ပံ့မှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့် ထုတ်ကုန်လုပ်ငန်းအပါအဝင် များစွာသော စီးပွားရေးကဏ္ဍများသည် ယမန်နှစ်က အလုပ်အကိုင်ခန့်အပ်မှု နည်းပါးခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်လိုက်သောသော “ဝင်ငွေများ ပုံမှန်ပြန်ဖြစ်ခြင်းနှင့် အလုပ်အကိုင်များ ပြန်လည်ရရှိခြင်း” ဟူသော ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်စီးပွားရေးစောင့်ကြည့်မှု နောက်ဆုံးအစီရင်ခံစာအရ ထိုင်းနိုင်ငံစီးပွားရေးသည် ၂၀၂၀ က ၆.၅ % အထိကျဆင်းမည်ဟု ခန့်မှန်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၄ % တိုးတက်လာခဲ့သည်။ 

၂၀၂၁-၂၀၂၂ ခုနှစ်၌ တိုင်းပြည်စီးပွားရေး ဦးမော့လာစေရန် အလုပ်ခန့်အပ်မှုဆိုင်ရာ စဉ်ဆက်မပြတ်နာလန်ထူမှုသည် မရှိမဖြစ် လိုအပ်မည်ဖြစ်ကြောင်း အစီရင်ခံက ဆိုထားသည်။ 

အစိုးရက ရောဂါကူးစက်မှုအသစ်ကို ထိန်းချုပ်ပြီး နိုင်ငံအဝှမ်း လော့ဒေါင်းမချမှတ်ပါက ထိုင်းနိုင်ငံ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP ) တိုးတက်မှုနှုန်းသည် ဖြစ်နိုင်ခြေအားဖြင့် ယခုနှစ်၌ ၄ % ရှိမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။ အစိုးရအနေဖြင့် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ နိုင်ငံတစ်လွှား လော့ဒေါင်းချမှတ်ပါက GDP တိုးတက်မှုနှုန်းသည် ၂၀၂၁ ၌ ၂.၄ % သာ ရှိမည်ဖြစ်သည်။ 

၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်၌ ထိုင်းနိုင်ငံ လူဦးရေ၏ ၅၀ % ကို ကာကွယ်ဆေးထိုးမည်ဟု မျှော်မှန်းထားသောကြောင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်း တဖြည်းဖြည်း တိုးတက်လာပေလိမ့်မည်။ ထိုဖြစ်နိုင်ခြေအရ ထိုင်းသည် ၂၀၂၂ ၌ GDP  ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၄.၇ % ရှိလိမ့်မည်ဟု တွက်ဆရသည်။ 

ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုခန့်မှန်းချက်ဆိုင်ရာ အရဲစွန့်ရမှုများသည် မသေချမရေရာမှုများအကြား၌ အကျဘက်သို့ တိမ်းစောင်းနေသည်ဟု Mr Kiatipong က ဆိုသည်။ 

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလှုပ်ရှားမှုများသည် မျှော်မှန်းထားသည်ထက် ဆက်လက်အားနည်းနေပြီး ကာကွယ်ဆေး တီထွင်ထုတ်လုပ်မှုဆိုင်ရာ ခရီးပေါက်ရောက်မှုမှာလည်း အရှိန်နှေးနေကာ ပြည်တွင်းနှင့် နိုင်ငံတကာလော့ဒေါင်းချမှတ်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် ကာလရှည်ကြာဖြစ်နေသော ပြည်တွင်းနိုင်ငံရေး မငြိမ်သက်မှုမှာလည်း ဘေးမကင်းသော နောက်ထပ် အချက်တစ်ချက်ဖြစ်ကြောင်း  ဟု Mr Kiatipong က ပြောသည်။ 

ကပ်ရောဂါသည် ထိုင်းနိုင်ငံ၏ အလုပ်သမားဈေးကွက်ကို အားအင်ပိုမိုချည့်နဲ့စေခဲ့သည်။ အလုပ်သမားခန့်အပ်မှုဆိုင်ရာတိုးတက်မှု၊ ကုန်ထုတ်စွမ်းအားနှင့် အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများအကြား အလုပ်သမားဝင်ငွေများသည် စဉ်ဆက်မပြတ်နာလန်ထူမှုအတွက် လိုအပ်ပေလိမ့်မည်ဟု ကမ္ဘာ့ဘဏ်မှ ထိုင်းနိုင်ငံဆိုင်ရာ ဌာနေမန်နေဂျာ Birgit Hansl  ကပြောသည်။ 

ထိုင်းအစိုးရအနေဖြင့်  များမကြာမီ အနာဂတ်၌ အလုပ်သမားများ၏ ကျွမ်းကျင်မှု တိုးတက်စေရေး လေ့ကျင့်ရေးအစီအစဉ်များ ထူထောင်ရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုပေးနိုင်ရန် ကမ္ဘာ့ဘဏ်က အကြံပြုခဲ့သည်။ 

ရေရှည်အနေဖြင့် ထိုင်းအစိုးရသည် ကလေးစောင့်ရှောက်မှုဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ပြုလုပ်ပေးခြင်းဖြင့် အလုပ်အကိုင်ခန့်အပ်ခြင်းကို မြှင့်တင်နိုင်ပြီး အမျိုးသမီးလုပ်သားအင်အား ခန့်အပ်မှုအတွက် လှုံ့ဆော်မှုဆိုင်ရာ ၎င်း၏ ကုန်ကျစရိတ်များကို လျှော့ချနိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly