ဘဏ္ဍာရေးအာဏာပိုင်တွေရဲ့ ဖြိုခွင်းခံရပြီးနောက် ပထမဆုံးအဖြစ် ဂျက်မားက လူမြင်ကွင်းရှေ့ ထွက်လာ

ဘဏ္ဍာရေးအာဏာပိုင်တွေရဲ့ ဖြိုခွင်းခံရပြီးနောက် ပထမဆုံးအဖြစ် ဂျက်မားက လူမြင်ကွင်းရှေ့ ထွက်လာ
Photo - AFP

ဇန်နဝါရီ ၂၁

အင်တာနက်ကုမ္ပဏီကြီး အလီဘာဘာကို တည်ထောင်သူ ဘီလျှံနာသူဌေးကြီး ဂျက်မားဟာ နှစ်လကျော် လူမြင်ကွင်းက ပျောက်နေတာကြောင့် သူနဲ့ပတ်သက်ပြီး ထင်ကြေးတွေ အမျိုးမျိုး ထွက်ပေါ်နေတာကို အဆုံးသတ်လိုက်ခြင်းအဖြစ် ဗုဒ္ဓဟူးနေ့မှာ အွန်လိုင်းဗီဒီယိုကနေ လူမြင်ကွင်းရှေ့ ထွက်ပေါ်လာခဲ့ပါပြီ။

စည်းစိမ်ချမ်းသာ အမေရိကန်ဒေါ်လာ ၅၈ သန်း ဝန်းကျင် ပိုင်ဆိုင်တဲ့ တရုတ်နိုင်ငံက အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲ တစ်ဦးဖြစ်သူ ဂျက်မားဟာ နိုဝင်ဘာအစောပိုင်းကစပြီး အများမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာပါ။ 

တရုတ်ရဲ့ ခေတ်မမီတော့တဲ့ ဘဏ္ဍာရေးစနစ်ကို အောက်တိုဘာလအတွင်းမှာ ဝေဖန်ပြောဆိုခဲ့တာကြောင့် ဘဏ္ဍာစည်းကြပ်အာဏာပိုင်တွေရဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်ခံနေရချိန်မှာပဲ အဲဒီလို အများအမြင်ကနေ ပျောက်ကွယ်သွားခဲ့တာပါ။

ဒီနောက်ပိုင်း သိပ်မကြာတဲ့အချိန်မှာပဲ ဂျက်မားရဲ့ ဘဏ္ဍာရေးအုပ်စုဖြစ်တဲ့ Ant ကုမ္ပဏီအုပ်စုရဲ့ စံချိန်ချိုးတဲ့ အများပိုင်ရှယ်ယာ ဒေါ်လာ ၃၇ ဘီလီယံအပေါ် တရုတ် စည်းမျဉ်းကွပ်ကဲရေး အာဏာပိုင်တွေက ဈေးကွက်လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေးအဖြစ် ပိုက်စိပ်တိုက် ဖြိုခွင်းလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို တုန်လှုပ်ဖွယ် လုပ်ဆောင်ချက်ဟာ ဂျက်မားရဲ့ အပြောအဆိုကြောင့် လက်တုံ့ပြန်တာအဖြစ် အချို့က ရှုမြင်ကြပါတယ်။

ဒါပေမယ့် သူရဲ့ ပရဟိတကူညီပေးရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ နှစ်ပတ်လည်ဆုပေးအပ်ပွဲ အခမ်းအနားကို ရိုက်ကူးထားတဲ့ အခု ဗီဒီယိုဖိုင်မှာတော့ ဂျက်မားဟာ ကျေးလက်က ကျောင်းဆရာ၊ ဆရာမတွေကို ဂုဏ်ပြုချီးကျူးစကား ပြောဆိုပါတယ်။ ဒီအခမ်းအနား ဗီဒီယိုကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှာ တရုတ်စီးပွားရေးသတင်းဌာက လူမှုမီဒီယာပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။

ဂျက်မားက မိန့်ခွန်းပြောဆိုရာမှာ တရုတ်နိုင်ငံရဲ့ ဆင်းရဲမှု လျှော့ချရေး ကြိုးပမ်းအားထုတ်မှုတွေ၊ ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းတွေကို ချီးကျူးစကားဆိုပြီး ကျေးလက်က ဆရာ၊ ဆရာမတွေကို ပိုပြီး ကူညီပေးသွားမယ်လို့ စိတ်ပိုင်းဖြတ် ပြောဆိုပါတယ်။

“ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်တော်ဟာ ပညာရေးနဲ့ လူမှုဖူလုံရေးတွေမှာ ကိုယ်ကိုကို မြုပ်နှံသွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်”ဆိုပြီး ဂျက်မားက ပြောပါတယ်။

“တရုတ်ဟာ ဖွံ့ဖြိုးမှု စင်မြင့်သစ်ပေါ် ရောက်ရှိနေပြီး ဘုံချမ်းသာကြွယ်ဝမှုဆီ ဦးတည်နေပါတယ်”လို့ သူက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly