Co-Win အက်ပလီကေးရှင်း ချို့ယွင်းချက်ကြောင့် အိန္ဒိယကာကွယ်ဆေးထိုးနှံမှု နှောင့်နှေး  

Co-Win အက်ပလီကေးရှင်း ချို့ယွင်းချက်ကြောင့် အိန္ဒိယကာကွယ်ဆေးထိုးနှံမှု နှောင့်နှေး  

ဇန်နဝါရီ ၁၈  

အိန္ဒိယ၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် အသုံးပြုသော Co-Win အက်ပလီကေးရှင်းသည် ချို့ယွင်းချက်များဖြစ်ပေါ်ခဲ့သဖြင့် ကာကွယ်ဆေးထိုးနှံမှုသည် စတင်ပြီးနောက်တစ်ရက် တနင်္ဂနွေနေ့အထိ နှောင့်နှေးမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ပြည်နယ်အချို့ရှိ တာဝန်ရှိသူများက ပြောသည်။  

အိန္ဒိယ၌ ပထမဆုံးအကြိမ်အဖြစ် လူပေါင်း သန်း ၃၀၀ ခန့်ကို ကာကွယ်ဆေးထိုးရန် ရည်ရွယ်ထားပြီး ဝန်ကြီးချုပ်နရိန္ဒြာမိုဒီက ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေးထိုးမှုအစီအစဉ်ဖြစ်ကြောင်း စနေနေ့က ကြေညာခဲ့သည်။  

ကာကွယ်ဆေးစတင်ထိုးသည့် ဇန်နဝါရီ ၁၆  တစ်ရက်တည်း၌ လူပေါင်း ၃၀၀ ၀၀၀ ထက်မနည်း ကာကွယ်ဆေးထိုးရန် မျှော်မှန်းခဲ့သော်လည်း  တရားဝင်ကိန်းဂဏန်းများအရ လူပေါင်း ၁၉၁ ၁၈၁ ဦးသာ ကာကွယ်ဆေးထိုးနိုင်ခဲ့သည်။ 

စနေနေ့က ကာကွယ်ဆေးထိုးရမည့် ကျန်းမာရေးဝန်ထမ်းအများအပြားသည် အစိုးရ၏ Co-Win အက်ပလီကေးရှင်းမှ သတိပေးချက်ကို မရိရှိခဲ့ကြဟု ဆိုသည်။  Co-Win အက်ပလီကေးရှင်းသည် ကာကွယ်ဆေးထိုးမှုအစီအစဉ်၌ ဦးစားပေးစာရင်းတွင်ပါဝင်သော ကျန်းမာရေးဝန်ထမ်းများအား သတိပေးချက် ပေးပို့ခြင်းဖြစ်သည်။  

“စနေနေ့မှာ လူပေါင်း ၂၈ ၅၀၀ ဦးကို ကာကွယ်ဆေးထိုးပေးဖို့စီစဉ်ထားပေမယ့် Co-Win အပလီကေးရှင်းရဲ့ ချို့ယွင်းချက်ကြောင့် ၁၈ ၃၂၈ ဦးပဲ ထိုးပေးနိုင်ခဲ့တယ်” ဟု အနောက်မဟာရာ့ရှ်ထရာပြည်နယ် ကျန်းမာရေးဌာနတာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ပြောသည်။ 

စီးပွားရေးဗဟိုချက် မွမ်ဘိုင်းမြို့တည်ရှိရာ မဟာရာ့ရှ်ထရာပြည်နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုအဆိုးရွားဆုံး ပြည်နယ်ဖြစ်သည်။ 

နိုင်ငံအရှေ့ပိုင်းရှိ အိုဒီရှာနဲ့ အနောက်ဘန်ဂေါပြည်နယ်များတွင်လည်း အက်ပလီကေးရှင်းပြဿနာကြောင့် စနေနေ့က စာရွက်စာတမ်းများဖြင့်သာ လုပ်ဆောင်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောသည်။ 

ကာကွယ်ဆေးထိုးခွင့်ရှိသူများကို တိုက်ရိုက်ဆက်သွယ်ပြီး အစီအစဉ်ပြောင်းကာ ဆက်လက်လုပ်ဆောင်ခဲ့ရကြောင်း အိုဒီရှာပြည်နယ်မြို့တော်   ဘူဘာနေးရှဝါမှ ကျန်းမာရေးဌာနဒါရိုက်တာ ဘီဂျေကူးမား မိုဟာပါထရာ က ပြောသည်။ 

အိန္ဒိယသည် လက်ရှိတွင် Oxford University/ AstraZeneca နှင့် အိန္ဒိယ Serum Institute     တို့ပူးတွဲထုတ်သည့်  ကာကွယ်ဆေးနှင့် အိန္ဒိယ၏ Bharat Biotecth ဇီဝနည်းပညာကုမ္ပဏီထုတ် အစိုးရကျောထောက် နောက်ခံပြု ကာကွယ်ဆေးတို့ကို အသုံးပြုလျက်ရှိသည်။ 

သို့သော် Bharat Biotecth ထုတ် COVAXIN ကာကွယ်ဆေးနှင့်ပတ်သက်၍ အကျိုးသက်ရောက်မှုဆိုင်ရာ အချက်အလက်များ မရှိဘဲ ဆက်လက်ထုတ်လုပ်နေသောကြောင့် ကျန်းမာရေးပညာရှင်များနှင့် အတိုက်အခံအမတ်များက အဆိုပါဆေးအားအတည်ပြုမှုကို ဝေဖန်ခဲ့ကြသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required