ဆူးလေ ရှန်ဂရီလာ အပါအဝင် ဟိုတယ်နှင့် တည်းခိုခန်း ၁ဝဝဝ ကျော် ယာယီပိတ်သိမ်း

ဆူးလေ ရှန်ဂရီလာ အပါအဝင် ဟိုတယ်နှင့် တည်းခိုခန်း ၁ဝဝဝ ကျော် ယာယီပိတ်သိမ်း

ဇန်နဝါရီ ၁၇၊ ၂၀၂၁

COVID-19 ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ရန်ကုန်မြို့လယ်ခေါင်မှ ကြယ်ငါးပွင့်အဆင့်ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ် အပါအဝင် နိုင်ငံတစ်ဝန်းမှ ယာယီ ပိတ်သိမ်းလိုက်သည့် ဟိုတယ်နှင့် တည်းခိုခန်း ၁ဝဝဝ ကျော် ရှိလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က မဇ္ဈိမကို ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လိုင်စင်ယူထားသည့် ဟိုတယ်နှင့် တည်းခိုခန်းပေါင်း ၂ဝဝဝ ကျော် ရှိသည့်အနက် ထက်ဝက်ဖြစ်သည့် ၁ဝဝဝ ကျော်မှာ ယာယီ ပိတ်သိမ်းလိုက်ရသည့်အတွက် အဆိုပါ လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းအားလုံး၏ ၇ဝ ရာခိုင်နှုန်းခန့်မှာ အလုပ်အကိုင် ဆုံးရှုံးရသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က “လောလောဆယ် ဧည့်သည်လည်း မရှိ၊ ခရီးသွားဧည့်သည်လည်း မရှိဘူး။ ဟိုတယ်နေထိုင်သူလည်း မရှိတဲ့အတွက်ကြောင့် လုပ်ငန်း တွက်ခြေကိုက်မှု မရှိလို့ ခေတ္တရပ်နားထားတဲ့ အနေအထားပါ။ ဝန်ထမ်းအင်အားက အရင်တုန်းက ၁ဝဝ ရှိတယ်ဆိုရင် အခုလက်ရှိမှာ ၃ဝ လောက်ပဲ ခန့်ထားနိုင်တယ်။ အစိုးရဘက်ကလည်း ဒီကိုဗစ် ဘယ်တော့ပြီးမလဲ မသိနိုင်တဲ့အတွက် ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် ကျွန်တော်တို့ဘက်က ပြင်ဆင်နေပါပြီ။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေမှာ ကျန်းမာရေးအရ ဘေးကင်းလုံခြုံဖို့ ဦးစားပေး ဆောင်ရွက်သွားပါမယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လအတွင်းက ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ စတင် ကူးစက်ဖြစ်ပွားခဲ့ပြီး နိုင်ငံခြားနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းများကို ရပ်နားထားခဲ့ရသည့်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများအတွက် များစွာ အထိနာခဲ့ရာ လက်ရှိအခြေအနေအရ ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ခွင့် ရရှိစေလိုကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးမင်းကျော်ဦးက ပြောသည်။

“ဟိုတယ် အများစုအနေနဲ့ ဝန်ထမ်းတွေကို လစာပေးဖို့ အခက်အခဲ ကြုံတွေ့နေရတယ်။ နောက် အာမခံပစ္စည်း ပေးပြီး ဘဏ်တွေကနေ ငွေချေးထားတဲ့ ဟိုတယ်တွေအနေနဲ့ ငွေပြန်ဆပ်ရမယ့် အခက်အခဲတွေ၊ ဘဏ်တိုးတွေပေးဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်။ တခြား တစ်ဖက်မှာလည်း ယစ်မျိုးခွန်တို့၊ အဆောက်အဦ အခွန်တို့လိုတွေ မပေးဆောင်နိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။ ဟိုတယ်တွေက ရှိနေတဲ့အတွက် ခရီးသွားလုပ်ငန်းတွေ ပြန်လည် နိုးထလာဖို့ပေါ့။ ကိုဗစ်က အခုထက် ပိုကြာရှည်မယ်ဆိုတာ သိတဲ့အတွက် ကိုဗစ်နဲ့ယှဉ်တွဲပြီး ခရီးသွားလာမှုတွေ ဖြစ်ပေါ်လာဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေ အနေနဲ့ သက်သာမှုတွေ၊ ဖြေလျှော့မှုတွေ၊ ပြန်လည် အသက်ဝင်ဖို့ နှိုးဆွမှုတွေ မျှော်လင့်နေတာပေါ့” ဟု ၎င်းက ပြောသည်။

နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုမှာ ၂ဝ၁၉ ခုနှစ်ကနှင့် နှိုင်းယှဉ်လျှင် ၂ဝ၂ဝ ခုနှစ်တွင် ၈ဝ ရာခိုင်နှုန်းဝန်းကျင် လျော့နည်းသွားကြောင်းလည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ကိုဗစ်ကြောင့် အထိနာခဲ့ရသည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည် ဦးမော့နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းကာ အပျော်စီးလေယာဉ် ခရီးစဉ်နှင့် မြစ်တွင်း ရေယာဉ်ခရီးစဉ်များကိုလည်း ပြေးဆွဲ လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly