နျူကလီးယားလက်နက်အင်အား ခိုင်မာတောင့်တင်းအောင်ပြုလုပ်သွားမယ်လို့ ကင်ဂျုံအွန်း ကတိပြု 

နျူကလီးယားလက်နက်အင်အား ခိုင်မာတောင့်တင်းအောင်ပြုလုပ်သွားမယ်လို့ ကင်ဂျုံအွန်း ကတိပြု 
Photo - AFP

ဇန်နဝါရီ ၁၃  

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက နိုင်ငံရဲ့ နျူကလီးယားလက်နက်အင်အား  ခိုင်မာတောင့်တင်းအောင်ပြုလုပ်သွားမယ်လို့ အာဏာရအလုပ်သမားပါတီအစည်းဝေးပိတ်ပွဲမှာ  ကတိပြုပြောကြားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။  

မြောက်ကိုရီးယားဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို တားဆီးဖို့ နယ်စပ်တွေပိတ်လိုက်ပြီးတဲ့နောက် ပိုမိုအထီးကျန်လာခဲ့ကာ အမေရိကန်မှာ နောင်တက်လာမယ့် ဂျိုးဘိုင်ဒင်အစိုးရရဲ့ အာရုံကို ဖမ်းစားဖို့ ကြိုးစားနေတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ 

ကင်က နျူကလီးယားစစ်ခြိမ်းခြောက်မှုကို အားဖြည့်ရင်း အင်အားအကြီးမားဆုံး စစ်တပ်တည်ဆောက်ဖို့ အရာအားလုံးကို လုပ်ရမယ်လို့ အလုပ်သမားပါတီကွန်ဂရက်မှာ ပြောကြားခဲ့ပါတယ်။ 

April 25 ယဉ်ကျေးမှုကဇာတ်ရုံမှာကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်လာသူနဲ့ ကိုယ်စားလှယ်ထောင်ပေါင်းများစွာဟာ ကင် မိန့်ခွန်းပြောနေစဉ်မှာပဲ အကြိမ်ကြိမ် မတ်တပ်ရပ်ပြီး လက်ခုပ်ဩဘာတွေ ပေးခဲ့ကြပါတယ်။  

မြောက်ကိုရီးယားရဲ့ အလုပ်သမားပါတီအစည်းအဝေးကို ရှစ်ရက်ကြာကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အလုပ်သမားပါတီအစည်းအဝေးကျင်းပရက်ထက် နှစ်ဆကြာမြင့်ပါတယ်။ 

အစည်းအဝေးစတင်ကျင်းပချိန်ကလည်း ကင်က အမေရိကန်ဟာ နိုင်ငံ့တော်လှန်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံး အဟန့်အတားဖြစ်ပြီး အဓိကရန်သူဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။   

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအတွက် အစီအစဉ်များ ပြီးမြောက်ပြီဖြစ်ကြောင်းနဲ့ မြန်နှုန်းမြင့် ဒုံးကျည်ထိပ်ဖူး၊ စစ်ထောက်လှမ်းရေးဂြိုဟ်တုနဲ့ အစိုင်အခဲစွမ်းအင်သုံး တိုက်ချင်းပစ်ဒုံးကျည်များအပါအဝင် လက်နက်များ ဝယ်ယူထားဖို့ ကမ်းလှမ်းထားကြောင်း ပြောကြားခဲ့ပါတယ်။ 

အမေရိကန်အနေနဲ့ မြောက်ကိုရီးယားအပေါ်ထားရှိတဲ့မူဝါဒမပြောင်းလဲဘူးဆိုရင် မဟာဗျူဟာမြောက်လက်နက်တွေ ဆက်လက်တပ်ဆင်သွားမယ်ဆိုတာကို သတင်းစကားပါးလိုက်ခြင်းသာဖြစ်ကြောင်း ဆိုးလ်မြို့အခြေစိုက် ကိုရီးယားနိုင်ငံအမျိုးသားညီညွတ်ရေးအင်စတီကျူက လေ့လာသုံးသပ်သူ ဟောင်မင်း ပြောပါတယ်။ 

မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်ဟာ ကင်ရဲ့လက်ထက်မှာ လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ စစ်ရေးပြပွဲမှာ လည်း ကြီးမားတဲ့ တိုက်ချင်းပစ် ဒုံးကျည်သစ်ကို ထုတ်ဖော်ပြသခဲ့ပြီး အဆိုပါဒုံးကျည်ဟာ အလွယ်တကူရွှေ့ပြောင်းသယ်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ငွေ့ရည်လောင်စာသုံး တိုက်ချင်းပစ်ဒုံးကျည်ဖြစ်တယ်လို့  လေ့လာသူတွေက ဆိုပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required