အာဏာသက်တမ်း ၁၀ နှစ်၌ ပါတီချုပ်ကိုင်မှု တင်းကျပ်လာသည့် အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအွန်း  

အာဏာသက်တမ်း ၁၀ နှစ်၌ ပါတီချုပ်ကိုင်မှု တင်းကျပ်လာသည့် အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအွန်း  

ဇန်နဝါရီ ၁၃

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းသည် တစ်ဦးတစ်ယောက်တည်းကအုပ်ချုပ်မှုကို ထပ်မံတည်တံ့ခိုင်မြဲစေရန် သိသာထင်ရှားသော ကြိုးပမ်းမှုတစ်ရပ်အဖြစ် ယခင်ခေါင်းဆောင်များ တစ်ချိန်က အသုံးပြုခဲ့သော ရာထူးဂုဏ်ပုဒ်ကို ပြန်လည်အသက်သွင်းကာ အာဏာသက်တမ်း ၁၀ နှစ်အတွင်းသို့ ချင်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သည်။  

ကင်သည် အာဏာရအလုပ်သမားပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဇန်နဝါရီ ၁၀ ရက်က ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။ ယခင်က ၎င်းပါတီ၏ ဥက္ကဋ္ဌအဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။ 

အထွေထွေအတွေးမှူးချုပ်ရာထူးကို နောက်ဆုံး ထမ်းဆောင်ခဲ့သူမှာ ကင်၏ဖခင် ကင်ဂျုံအီ ဖြစ်သည်။  ကင်ဂျုံအီသေဆုံးပြီး နောက်တစ်နှစ် ၂၀၁၂ ခုနှစ်၌  ပါတီက ၎င်းအား ထာဝရထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရာထူးအပ်နှင်းခဲ့ခြင်းဖြစ်သည်။  

အဘိုးဖြစ်သူ ကင်အီဆွန်းအား ကွယ်လွန်ပြီးမှ အပ်နှင်းခဲ့သည့် ထာဝရ ဥက္ကဋ္ဌရာထူးကိုလည်း  ငယ်ရွယ်သော ကင်အနေဖြင့်  နောက်ပိုင်းတွင် ကြိုးစားရယူသွားဖွယ်ရှိသည်။  

တရားဝင် ကိုရီးယားဗဟိုသတင်းဌာနမှ ဖြန့်ချိခဲ့သော ပါတီညီလာခံဆုံးဖြတ်ချက်စာတမ်းတွင်လည်း ကင်အား အလွန်အမင်း မြှောက်ပင့်ပြောဆိုထားသည်။ ကင်သည် ၎င်း၏ အထုံပါရမီပါသော အတွေးအခေါ်နှင့် သီအိုရီဆိုင်ရာ ဉာဏ်ပညာ၊ ထူးကဲသောခေါင်းဆောင်မှုနှင့် မြင့်မြတ်သော စရိုက်လက္ခဏာများဖြင့် ပါတီနှင့်တော်လှန်ရေးအတွက် ကြီးမြတ်သော အောင်မြင်မှုများကို လက်တွေ့အကောင်အထည်ဖော်နိုင်သော ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်တစ်ဦး ဟု ဖော်ပြထားသည်။ ကင်၏လုပ်ပိုင်ခွင့်ကို တရားမျှတကြောင်း ရည်ရွယ်ညွှန်းဆိုလျက် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အစီအစဉ် တိုးချဲ့မှုကို ချီးကျူးရေးသားထားသည်။  

ထို့ပြင် ကင်၏ထူးချွန်သော သံတမန်မဟာဗျူဟာသည် ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးလမ်းကြောင်းကို ဦးဆောင်နေသည်ဟု ဆိုထားသည်။  

ကင်သည် ဖခင်ကွယ်လွန်ပြီး သိပ်မကြာမီမှာပင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ၌ နိုင်ငံ့ဥသျှောင်ဖြစ်လာခဲ့သည်။ သို့သော် ၎င်း၏အာဏာဆုပ်ကိုင်ထားမှုသည် အမြဲတစေ တည်ငြိမ်မှုမရှိခဲ့ပေ။  စစ်ရေးဦးစားပေး မူဝါဒကို ရပ်တည်ကာကွယ်ခဲ့သူ ကင်ဂျုံအီနှင့် မတူသည်မှာ သားဖြစ်သူ ကင်ဂျုံအွန်းသည် ပါတီကို ၎င်း၏အုပ်ချုပ်မှုဗဟိုချက်ဖြစ်အောင် လှုပ်ရှားခဲ့သည်။  

ကင်သည် စစ်အရာရှိများကို ရှင်းလင်းသုတ်သင်ခဲ့ပြီး အစိုးရအဖွဲ့၌ ခေါင်းဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဦးလေးတော်စပ်သူ ဂျန်ဆောင်ထယ်ကိုလည်း ကွပ်မျက်ခဲ့သည်။ ပြိုင်ဖက်ဖြစ်နိုင်ခြေရှိသော ဖအေတူ မအေကွဲအစ်ကို ကင်ဂျုံနမ်ကိုလည်း ၂၀၁၇ ခုနှစ်က လုပ်ကြံရန် အမိန့်ပေးခဲ့သည်။  

ကင်သည် အမည်ဂုဏ်သတင်းနှင့်လက်တွေ့ဖြစ်တည်မှုတွင် ဖခင်နှင့် အဘိုးခြေရာကို မီသည်ဆိုသော ၎င်း၏ ယုံကြည်မှုကို နောက်ဆုံးလှုပ်ရှားမှုဖြင့် ပြသခြင်းဖြစ်ကြောင်းနှင့် တစ်ဦးတည်းကအုပ်ချုပ်မှုကို တည်တံ့စေရန် မဟာဗျူဟာမြောက်ရည်ရွယ်ချက်ကို ဖော်ပြခြင်းဖြစ်သည်ဟု ဆိုးလ်မြို့ မြောက်ကိုရီးယားလေ့လာရေးတက္ကသိုလ်မှ ပါမောက္ခ ယန်မူးဂျင်က ပြောသည်။ 

 ကင်၏ညီမ ကင်ယိုဂျုံးသည် ပေါ်လစ်ဗျူရိုအလှည့်ကျအဖွဲ့ဝင်စာရင်းမှ ဖယ်ရှားခံခဲ့ရသည်။ ကင်ယိုဂျုံးသည် ၂၀၂၀ ခုနှစ် ဇွန်လက ကေဆောင်ရှိ ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးရုံးကို ဖြိုချရာတွင် ကြီးကြပ်ခဲ့သည်။ နိုင်ငံခြားရေးရာကိစ္စများတွင် ပိုမိုနက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်လာသည့် အတွက် အများ၏ အာရုံစိုက်မှုကို ခံခဲ့ရသူဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်နှင့် နောက်ထပ်ထိပ်သီးဆွေးနွေးပွဲကျင်းပမည့်အခွင့်အရေးများကို မှေးမှိန်စေသော သူမ၏ ပြောဆိုချက်များကို နိုင်ငံပိုင်မီဒီယာ၌ ဖော်ပြခဲ့သည်။  

ကင်ယိုဂျုံးနေဖြင့် တရားဝင်ရာထူးအဆင့် နိမ့်ဆင်းသွားဖွယ်ရှိသော်လည်း အလွတ်သဘော ဩဇာလွှမ်းမိုးမှုရှိနေသည်ကိုမူ သေချာပေါက် ငြင်းပယ်၍ မရပေ။  

“ကင်ယိုဂျုံးက လူထုလှုပ်ရှားမှုတွေမှာ ကင်ဂျုံအွန်းကို မကြာခဏ အကူအညီပေးနေပါတယ်။ ကင်ဂျုံအွန်းအနေနဲ့ သူ့ညီမရဲ့ ရာထူးအဆင့်ကို မြှင့်တင်ဖို့ အချိန်မရွေး ဆုံးဖြတ်နိုင်ပါတယ်” ဟု တောင်ကိုရီးယား Sejong Institute မှာ စီနီယာသုတေသီ ချောင်ဆောင်ချန်းက ပြောသည်။  

အမေရိကန်နှင့်ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည့် မြောက်ကိုရီးယား ဒု-နိုင်ငံခြားရေးဝန်ကြီး ချိုဆန်ဟီသည်လည်း ပေါ်လစ်ဗျူရိုစာရင်းတွင် ရွေးချယ်ခြင်းမခံခဲ့ရပေ။ အသစ်ဖွဲ့စည်းသောပါတီအတွင်းရေးမှူးရာထူး ခုနစ်နေရာအတွက် မည်သည့်သံတမန်အရာရှိကိုမှ မခန့်အပ်ခဲ့ပေ။ ဤဖြစ်ရပ်များကို ကြည့်ခြင်းအားဖြင့် ကင်သည် စစ်တပ်တည်ဆောက်မှုအပါအဝင် စီးပွားရေးပိတ်ဆို့မှုများနှင့် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှု ပြင်းထန်စွာ ခံစားခဲ့ရသော ပြည်တွင်းစီးပွားရေးအပေါ်  အရေးပေးလုပ်ဆောင်သွားဖွယ်ရှိသည်။  

ကင်၏ အနီးစပ်ဆုံးလက်ထောက်များအနက် တစ်ဦးဖြစ်သည့် ဂျိုယောင်ဝမ်သည် ထိပ်တန်းအဖွဲ့ဝင် ငါးဦးပါဝင်​သော ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီဝင်အဖြစ်သို့ ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။ တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေးအဖွဲ့၏ အချက်အလက်များအရ ဂျိုသည် ၂၀၁၇ မှ ၂၀၁၉ အတွင်း ကင်၏ ကွင်းဆင်းလမ်းညွှန်ခရီးစဉ်များတွင် နောက်လိုက်အဖွဲ့၌ မကြာခဏဆိုသလို ပါဝင်ခဲ့သည်။ ဂျိုသည် ပါတီ၏ ဗဟိုစစ်ရေးကော်မရှင်၌လည်း ပါဝင်သည်။ 

အသက်အရွယ်ရပြီဖြစ်သော စီနီယာအရာရှိ ပက်ပွန်ဂျူသည်  ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီမှ အနားယူသွားပုံပေါ်သည်။ မြောက်ကိုရီးယားစစ်တပ် အထွေထွေ နိုင်ငံရေးဗျူရို၏ ဒါရိုက်တာအဖြစ် ကွမ်ယောင်ဂျင်ကို ရာထူးတိုးမြှင့်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required