ဇန်နဝါရီလ ၁၂၊ ၂၀၂၁
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ယာယီ ကုန်တင်ယာဉ် ရပ်နားစခန်း (သစ်ဆိပ်) ၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို စစ်ဆေးခဲ့ရာ သုံးဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိသဖြင့် ကယားပြည်နယ်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၁၀၃ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ကုန်တင်ကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၁၀၃ ဦးတို့ကို ရလဒ် အမြန်သိနိုင်သည့် COVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ သုံးဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံးက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
ပို့တွေ့ရှိသူများသည် ယာဉ်မောင်း နှစ်ဦးနှင့် ယာဉ်နောက်လိုက် တစ်ဦးတို့ ဖြစ်ပြီး လွိုင်ကော်မြို့၊ ဓမ္မာရုံ ရပ်ကွက်၊ နောင်ယား (က) ရပ်ကွက်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊ အောင်မင်္ဂလာ ရပ်ကွက်တို့တွင် နေထိုင်ကြကြောင်း သိရသည်။
သတင်းထုတ်ပြန်ချက်အရ ပိုးတွေ့လူနာများကို လွိုင်ကော် ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်တွင် ထားရှိ၍ စောင့်ကြပ်ကြည့်ရှု ကုသပေးထားကြောင်း သိရသည်။ ထို့အပြင် ပိုးတွေ့လူနာများနှင့် ထိတွေ့သူ ခေါက်တို ယာဉ်မောင်း တစ်ဦးကိုလည်း လွိုင်ကော် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး (န.တ.လ) သင်တန်းကျောင်း ကွာရန်တင်း စင်တာသို့ ပို့ဆောင်ထားပြီး ဓာတ်ခွဲနမူနာရယူ၍ ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်တွင် ခရီးသည်တင်ယာဉ်များကို ယာယီ ရပ်နားထားသဖြင့် ကုန်စည် စီးဆင်းမှု မပြတ်တောက်စေရန် ကုန်တင်ယာဉ်များကို လွိုင်ကော် သစ်ဆိပ်တွင် ရပ်နားစေပြီး ထိုမှတစ်ဆင့် လွိုင်ကော်မြို့ထဲသို့ ပို့ဆောင်နေခြင်း ဖြစ်သည်။
ကယားပြည်နယ်အတွင်း ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ကိုဗစ်ကူးစက်သူ စုစုပေါင်း ၁၀၀ ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၇၈ ဦးနှင့် သေဆုံး တစ်ဦး ရှိကြောင်း၊ ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူသည် အသက် ၇၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ် ကြောင်း သိရသည်။