မက်ဒရစ်မြို့မှာ နှင်းမုန်တိုင်းကြောင့် နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံး ဆီးနှင်းကျမှု ဖြစ်ပေါ်  

မက်ဒရစ်မြို့မှာ နှင်းမုန်တိုင်းကြောင့် နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံး ဆီးနှင်းကျမှု ဖြစ်ပေါ်  
Photo - AFP

ဇန်နဝါရီ ၁၂  

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ  နှင်းမုန်တိုင်း ဖီလိုမီနာကြောင့် နှစ်ပေါင်း ၅၀ အတွင်း အဆိုရွားဆုံး ဆီးနှင်းကျရောက်မှု ဖြစ်ပေါ်ခဲ့ပြီး   လူ သုံးဦး သေဆုံးခဲ့ပါတယ်။ 

တနင်္လာနေ့မှာ ကျောင်းတွေ တရားရုံးတွေနဲ့ ပြတိုက်တွေကို ပိတ်ထားရပါတယ်။  

မက်ဒရစ်မြို့ရဲ့ ဘာရာဂျက်စ်လေဆိပ်နဲ့ ချာမာတင်ဘူတာရုံတို့မှာလည်း အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့တွေက ဆီးနှင်းရှင်းလင်းမှုတွေ လုပ်ဆောင်နေကြရပါတယ်။  

မက်ဒရစ်မြို့တော်မှာ သောကြာနဲ့ စနေနေ့က ဆီးနှင်းထုက ၂၀-၃၀ စင်တီမီတာ (၇-၈ လက်မ) လောက်ထိ ရှိနေတဲ့အတွက် ပြည်သူတွေကိုလည်း တတ်နိုင်သမျှ အိမ်ထဲမှာသာနေကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ 

အရေးပေါ်ကယ်ဆယ်ရေးသမားတွေနဲ့ ဆီးရှင်းရှင်းယာဉ်တွေဟာ မက်ဒရစ်ဒေသ  ဆီးနှင်းဖုံးလွှမ်းမှုတွေအကြား ပိတ်မိနေကြတဲ့ ယာဉ်မောင်း ၂ ၅၀၀ ကို ကယ်ဆယ်ဖို့အတွက် သောကြာနဲ့စနေနှစ်ရက်လုံး နေ့ရောညပါ ဆီးနှင်းရှင်းလင်းမှုတွေ လုပ်ခဲ့ကြရပါတယ်။ 

တနင်္လာနေ့မနက်မှာတော့  မက်ဒရစ်မြို့ရဲ့ အဓိကလမ်းမကြီးတွေမှာ ဆီးနှင်းတွေ ရှင်းလင်းသွားပေမယ့် လူသွားစင်္ကြံတွေ၊ လမ်းငယ်တွေနဲ့ လူနေရပ်ကွက်တွေမှာ  နှင်းတွေ ဖုံးလွှမ်းနေဆဲဖြစ်ပါတယ်။ 

မက်ဒရစ်မြို့အနေနဲ့ ၁၉၇၁ ခုနှစ်နောက်ပိုင်း ဆီးနှင်းဒဏ် အဆိုးရွားဆုံး ခံစားရတာဖြစ်ပြီး တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာရုံးတွေကို ပိတ်ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။  

အင်္ဂါနေ့မှာ စပိန်နိုင်ငံအလယ်ပိုင်းရဲ့ အပူချိန်ဟာ အနုတ် ၁၃ ဒီဂရီစဲလ်စီယပ်စ် (၉ ဒီဂရီဖာရင်ဟိုက်) အထိ ကျဆင်းမယ်လို့ မျှော်လင့်ရတဲ့အတွက် နှင်းတွေ ရေခဲအဖြစ်ပြောင်းသွားမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။  

မက်ဒရစ်ဒေသအာဏာပိုင်တွေဟာ နှင်းတွေ ရေခဲဖြစ်ပေါ်မှုတားဆီးဖို့အတွက် ဆားတန်ချိန်ပေါင်း ၂၇၇ တန်ကို ဖြန့်ဖြူးပေးခဲ့ပါတယ်။  

နှင်းမုန်တိုင်းကြောင့် စပိန်တလွှားက လမ်းမကြီး ၁၃၈ ခုကို တနင်္လာနေ့အထိ ပိတ်ထားဆဲဖြစ်ပါတယ်။  

အသွားအလာအခက်အခဲတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဖြန့်ဖြူးမယ့်အစီအစဉ်ကို သက်ရောက်မှာမဟုတ်ဘူးလို့ အစိုးရက အခိုင်အမာပြောဆိုခဲ့ပါတယ်။  

စပိန်ဟာ တနင်္လာနေ့မှာ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးအလုံးပေါင်း ၃၅၀ ၀၀၀ ဖြန့်ဖြူးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly