NLD ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံမှုကို လွတ်လပ်သည့် တတိယနေရာတွင် ပြုလုပ်သင့်ဟု KYSDP ပါတီ ပြောရေးဆိုခွင့်ရှိသူပြောကြား

NLD ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံမှုကို လွတ်လပ်သည့် တတိယနေရာတွင် ပြုလုပ်သင့်ဟု KYSDP ပါတီ ပြောရေးဆိုခွင့်ရှိသူပြောကြား
ဓာတ်ပုံ - စောသန်းထိုက်ဦး

ဇန်နဝါရီ ၁၁ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ တာဝန်ပေးအပ်ထားသည့် ကိုယ်စားလှယ်များနှင့်ကယားပြည်နယ် ဒီမိုကရက်တစ် (KYSDP) ပါတီတို့ကြားတွေ့ဆုံဆွေးနွေးမှုကို လွတ်လပ်သည့် တတိယနေရာတွင် ပြုလုပ်သင့်ကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ် (KYSDP) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသဲရယ်က မဇ္ဈိမကို ပြောသည်။

ကယားပြည်နယ် ဒီမိုကရက်တစ် (KySDP) ပါတီဘက်က တွေ့ဆုံဆွေးနွေးရေးကော်မတီကို ပါတီမှ အနိုင်ရ ကိုယ်စားလှယ် ငါးဦးဖြင့် ဖွဲ့စည်းထားပြီး နှစ်ဖက်တွေ့ဆုံမှုအဆင်ပြေစေရန် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးမှုကို သီးခြားနေရာတစ်ခု၌ တွေ့ဆုံဆွေးနွေးရန် သဘောထားရှိနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပြောရမယ်ဆိုလို့ရှိရင် နှစ်ဖက်စလုံး လွတ်လွတ် လပ်လပ်တွေ့ဖို့အတွက်က တတိယ နေရာဖြစ်ရင် ပိုကောင်း တယ်လေနော်။အခုဟာက သူတို့ရုံးကိုပဲလာရမယ်ဟာမျိုးလုပ်တော့ ကျနော်တို့လာမှာတော့ မဟုတ်ဘူး ။ကျ နော်တို့ ရုံးကိုလာပေးပါလို့ ကျနော်တို့ ပြောရင်လည်း သူတို့လာမှာ မဟုတ်ဘူး။အကောင်းဆုံး နှစ်ဖက်စလုံး လွတ်လွတ်လပ်လပ် ဖြစ်ဖို့က ဒီတတိယနေရာကိုပဲ လုပ်ရတော့မှာပေါ့”ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသဲရယ် က ပြောသည်။

လက်ရှိတွင် NLDပါတီဘက်မှ ကိုယ်စားလှယ်များနှင့် KySDP ပါတီမှ ကိုယ်စားလှယ်များကြား တွေ့ဆုံဆွေးနွေး မည့် အကြောင်းအရာနှင့်ပတ်သက်၍ NLD ပါတီဘက်မှအကြောင်းကြားလာခြင်းမရှိသေးကြောင်း သိရသည်။

နှစ်ဖက် တွေ့ဆုံဆွေးနွေးဖြစ်ပါက KySDP ပါတီဘက်မှ ခေါင်းစဉ်ကြီး အချက် လေး ချက်ကို ဆွေးနွေးမည်ဟု ရည်ရွယ်ထားကြောင်းလည်း ဦးသဲရယ်က ပြောသည်။

နိုင်ငံရေးခေါင်းစဉ်အောက်တွင်မူ တိုင်းရင်းသားအခွင့်အရေးနှင့်လွှတ်တော်အတွင်း တိုင်းရင်းသားပါတီများ ကိစ္စများကို ဆွေးနွေးမည်ဖြစ်သော်လည်း ကျန်အချက်များကိုမူ ထုတ်ဖော်ပြော ကြားခြင်းမပြုပေ။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ တာဝန်ပေးအပ်ထားသည့် ကိုယ်စားလှယ်များနှင့် ကယားပြည်နယ် ဒီမိုကရက်တစ် (KySDP) ပါတီမှ ကိုယ်စားလှယ်တို့ကြား တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီလ ၁၂ရက်နေ့ နေ့လည် ၂နာရီခန့်အချိန်တွင် ကယားပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရုံးချုပ်၌ ပြုလုပ်ရန် စီစဉ်ထားကြောင်း လွိုင်ကော်မြို့ နယ် NLDပါတီ ဥက္ကဋ္ဌ ဦးသောင်းဌေးက ပြောကြားသည်။

 “ဒီမနက် သူတို့ ( KySDP )ကို ဆက်သွယ်ပြီပြီး။လာတွေ့မယ့်သဘောရှိပါတယ်။တခြား ပြည်နယ်လို တအားမ တင်းမာပါဘူး”ဟု လွိုင်ကော်မြို့ နယ် NLDပါတီ ဥက္ကဋ္ဌ ဦးသောင်းဌေးက ပြောကြားသည်။

NLDပါတီဘက်မှတွေ့ဆုံဆွေးနွေးမည့် ကိုယ်စားလှယ်များသည် နေပြည်တော်မှတဆင့် လွိုင်ကော်သို့ ရောက်ရှိမည်ဖြစ်ပြီး အစိုးရဧည့်ရိပ်သာတွင် တည်းခိုမည်ဖြစ်ကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးမည့်အကြောင်းအရာနှင့်ပတ်သက်၍မူ NLD ပါတီဘက်မှလည်း ထုတ်ဖော်ပြောကြား ခြင်းမရှိပေ။

NLDပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် တိုင်းရင်းသားပါတီ ၄၈ ပါတီနှင့်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီးနောက် လက်ရှိ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်တို့ကို တာဝန်ပေးအပ် ထားသည်။

NLDပါတီမှ ကိုယ်စားလှယ်အဖွဲ့များသည်  ကယားပြည်နယ်သို့ မရောက်ရှိခင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) နှင့်တွေ့ဆုံခဲ့သည်။

ထို့နောက် မွန်ညီညွတ်ရေးပါတီ (MUP) နှင့် တွေ့ဆုံဆွေးနွေးမှုတွင် နေရာကိစ္စကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly