အမေရိကန်သည် မြောက်ကိုရီးယား၏ အကြီးမားဆုံးရန်သူ ဟု ကင်ဂျုံအွန်း ပြော  

အမေရိကန်သည် မြောက်ကိုရီးယား၏ အကြီးမားဆုံးရန်သူ ဟု ကင်ဂျုံအွန်း ပြော  

ဇန်နဝါရီ ၉  

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက အမေရိကန်သည် အကြီးမားဆုံးရန်သူဖြစ်ကြောင်းနှင့် သမ္မတမည်သူပင်ဖြစ်ပါစေ မြောက်ကိုရီးယားအပေါ်ထားသည့် အမေရိကန်၏မူဝါဒကို ပြောင်းလဲသွားမည်ဟု ၎င်းအနေဖြင့် မျှော်လင့်မထားကြောင်း နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၉ ရက်တွင် ဖော်ပြခဲ့သည်။  

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုမည့် ဇန်နဝါရီ ၂၀ ရက် မတိုင်မီတွင် ငါးနှစ်နီးပါးအကြာ၌ ပထမဆုံးအကြိမ်ကျင်းပသည့် မြောက်ကိုရီးယား၏ အာဏာရအလုပ်သမားပါတီကွန်ဂရက်အစည်းအဝေးကို ဇန်နဝါရီ ၅ ရက်က စတင်ကျင်းပခဲ့သည်။ ကွန်ဂရက်ဖွင့်ပွဲ၌ ကင်က တိုင်းပြည်၏ နျူကလီးယားလက်နက်ပိုင်ဆိုင်မှု ပိုမိုတည်တံ့စေမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။  

ပြီးခဲ့သည့်နှစ် အမေရိကန်ရွေးကောက်ပွဲပြီးနောက်ပိုင်း အမေရိကန်ဆက်ဆံရေးနှင့်ပတ်သက်၍ ကင်၏ ပထမဆုံး တိုက်ရိုက်ပြောကြားချက်ဖြစ်သည်။  

“မြောက်ကိုရီးယားအနေနဲ့ နိုင်ငံ့တော်လှန်ရေးရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ အခြေခံအကျဆုံးအနှောင့်အယှက်ဖြစ်တဲ့ အကြီးမားဆုံးရန်သူ အမေရိကန်ကို နှိမ်နင်းသင့်တယ်” ဟု ကင်က ပြောဆိုခဲ့ကြောင်း ကိုရီးယား ဗဟိုသတင်းဌာန ( KCNA) က ဖော်ပြခဲ့သည်။  

“အမေရိကန်မှာ ဘယ်သူပဲ အာဏာရပါစေ အဲဒီနိုင်ငံရဲ့ အနှစ်သာရနဲ့ မြောက်ကိုရီးယားအပေါ်ထားတဲ့ သူတို့ရဲ့အခြေခံမူဝါဒ စိတ်ရင်းမှန်တွေဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး” ဟု ကင်က ဆိုသည်။  

နှစ်နိုင်ငံအကြား ဆက်ဆံရေးအသစ် တည်ဆောက်မည်ဆိုပါက အမေရိကန်အနေဖြင့် မြောက်ကိုရီးယားအပေါ်ထားသည့် ရန်လိုသော မူဝါဒကို စွန့်လွှတ်ရလိမ့်မည်ဖြစ်ကြောင်းနှင့် ရန်လိုသည့်အင်အားစုများက မြောက်ကိုရီးယားကို ဆန့်ကျင်သောအရာများကို အသုံးမချပါက ပြုံယမ်းအနေဖြင့်လည်း နျူကလီးယားလက်နက်များကို အသုံးပြုမည် မဟုတ်ကြောင်း ကင်က ဆိုသည်။  

တောင်ကိုရီးယားကိုလည်း ရန်လိုသောအပြုအမူများ ရပ်တန့်ရန်နှင့် မြောက်ကိုရီးယားအနေဖြင့် ဤအခြေအနေ၌ တောင်ကိုရီးယားအပေါ်  တစ်ဖက်သတ် စိတ်စေတနာကောင်းများထားရန် မလိုဟု ကင်က ထပ်လောင်းပြောခဲ့သည်။  

၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကို အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဖြင့် အဆုံးသတ်ပြီးနောက်ပိုင်း ကိုရီးယားနှစ်နိုင်ငံ ကွဲနေခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားဘက်ကနေ၍ စစ်ကူပေးခဲ့သော အမေရိကန်သည် မြောက်ကိုရီးယားနှင့် မကျေချမ်းနိုင်သည့်အခြေအနေတွင် ဆက်ရှိနေဆဲဖြစ်သည်။  

မြောက်ကိုရီးယား၌ လက်ရှိကွန်ဂရက်အစည်းအဝေးကို ဆက်လက်ကျင်းပလျက်ရှိကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ ဇန်နဝါရီ ၈ ရက် ကင်၏မွေးနေ့မတိုင်မီ အစည်းအဝေးအပြီးသတ်မည်ဟု ထင်ကြေးပေးခဲ့ကြသော်လည်း KCNA  က အစည်းအဝေးပြီးဆုံးမည့်အချိန်ကို အသေးစိတ် မဖော်ပြခဲ့ပေ။ ပြီးခဲ့သော အလုပ်သမားပါတီကွန်ဂရက်ကို ၂၀၁၆ ခုနှစ် မေလ ၆ ရက်မှစ၍ လေးရက်ကြာ ကျင်းပခဲ့သည်။  

၎င်းကွန်ဂရက်အစည်းအဝေးအပြီး၌ ကင်သည် အမေရိကန်အထိရောက်နိုင်သော ဒုံးလက်နက်များအပါအဝင် နျူကလီးယားလက်နက်များနှင့် တိုက်ချင်းပစ်ဒုံးကျည်များကို အရှိန်မြှင့်တီထွင်ခဲ့သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ၌ နိုင်ငံ၏နျူကလီးယားအင်အား ပြီးပြည့်စုံပြီဖြစ်ကြောင်း ကင်က ကြေ ညာခဲ့သည်။ ၂၀၁၈ ဇွန်မှစ၍ ကင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သုံးကြိမ် တွေ့ဆုံခဲ့သည်။ သို့သော် မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆွေးနွေးမှုများ အပြီးမသတ်နိုင်ခဲ့ဘဲ စီးပွားရေးအရေးယူ ဒဏ်ခတ်မှုများကို ဖြေလျှော့ပေးရေးအတွက် အမေရိကန်ကို ဖျောင်းဖျရာတွင် ပိုမိုအခက်တွေ့စေခဲ့သည်။  

ကင်က မြောက်ကိုရီးယားသည် ၂၀၂၀ အထိချမှတ်ထားသော စီးပွားရေးဖွံ့ဖြိုးမှုရည်မှန်းချက်များ အားလုံးနီးပါး ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း အလုပ်သမားပါတီကွန်ဂရက် ဖွင့်ပွဲ၌ ဝန်ခံပြောဆိုခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required