တောင်အာရှမြစ်များတစ်လျှောက် ဆည်ဆောက်မည့် တရုတ်၏ အစီအစဉ်က အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေ 

By Justearthnews
07 January 2021
တောင်အာရှမြစ်များတစ်လျှောက် ဆည်ဆောက်မည့် တရုတ်၏ အစီအစဉ်က အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေ 

ဇန်နဝါရီ ၇ 

အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ စီးဆင်းသည့် အဓိကမြစ်တစ်စင်းပေါ် ဆည်ကြီးတစ်ခု တည်ဆောက်မည့် တရုတ်၏ အစီအစဉ်က နယူးဒေလီနှင့်အကြား ပေါက်ကွဲလုနီးပါးအခြေအနေတစ်ခု ဖြစ်ပေါ်စေရေး သေချာပေါက် ခြိမ်းခြောက်နေသလို ရေချိုအတွက် မြစ်အပေါ် မှီခိုနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်း စိုးရိမ်ပူပန်စရာ ဖြစ်စေလျက်ရှိကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။ 

အိန္ဒိယရှိ အကဲဖြတ်လေ့လာသူများက ယင်းနှင့်ပတ်သက်၍ အလံနီတစ်ချို့ ထောင်ထားခဲ့ပြီး တရုတ်၏ ထိုပရောဂျက်က ရုတ်တရက် ရေကြီးမှုများ ဖြစ်စေနိုင်ခြင်း သို့မဟုတ် ရေရှားပါးမှုကို ဖြစ်စေနိုင်သည့်အပေါ် ၎င်းတို့က စိုးရိမ်ပူပန်နေကြသည်။ 

ဟိမဝန္တာတောင်တန်းဒေသရှိ အငြင်းပွားနယ်စပ်ဒေသများအရေး နှစ်နိုင်ငံအကြား သဘောကွဲလွဲမှုများ အရှိန်မြင့်နေစဉ် အိန္ဒိယနှင့်အကြား တရုတ်တို့ ကြီးမားထူထဲစွာ တပ်ချထားသည့် နယ်စပ်အနီးရှိ အဆိုပါ ဆည်က ပေကျင်းကို မဟာဗျူဟာမြောက် သြဇာအရှိန်အဝါတစ်ခု ရရှိစေလိမ့်မည်ဖြစ်ကြောင်း Voice of America က ဖော်ပြသည်။ 

ဆည်ကို အိန္ဒိယအရှေ့မြောက်ပိုင်း အရူနာချယ် ပရာဒက်ရှ်ပြည်နယ် အနီးဝန်းကျင်ရှိ မြစ်တစ်စင်း၏ အချိုးအကွေ့တစ်ခုတစ်လျှောက် တိဘက်တွင် တည်ဆောက်ရန် စီစဉ်ထားသည်။ ထိုဆည်က လျှပ်စစ် ဓာတ်အား ၆၀ ဂီဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်ဟု တရုတ်နိုင်ငံပိုင်မီဒီယာများက ဖော်ပြရာ ယင်းက တရုတ်တို့၏ ယန်ဇီမြစ်ပေါ်က ကမ္ဘာ့အကြီးဆုံးဖြစ်သော Three Gorges ဆည်၏ အရွယ်ပမာဏထက် သုံးဆနီးပါး ပိုကြီးမည်ဖြစ်ကြောင်း သတင်းဌာနက ဖော်ပြသည်။ 

“အိန္ဒိယအတွက်ကတော့ အဓိက စိုးရိမ်ပူပန်မှုက နိုင်ငံဖြတ်ကျော် မြစ်တစ်စင်းမှာ ရေစီးဆင်းမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှု ပါဝင်မယ့် ပရောဂျက်တစ်ခုကို ရှေ့ဆက်တိုးလုပ်မယ့် တရုတ်ရဲ့ တစ်ဖက်သတ် လုပ်ရပ်ပဲဖြစ်ပါတယ်” ဟု နယူးဒေလီရှိ စစ်ဘက်လေ့လာမှုနှင့် အကဲဖြတ်မှုဆိုင်ရာ မာနိုဟာ ပါရစ်ကာ အင်စတီကျူ့မှ ဂျဂါနက်သ် ပန်ဒါရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းဌာနက ဖော်ပြသည်။ 

အိန္ဒိယနှင့် တရုတ်၏ နှစ်ဘက်စစ်သားများ ယမန်နှစ်က လာဒက်ခ် ဒေသတွင် အချင်းများ ခိုက်ရန်ဖြစ်ပွားခဲ့ချိန် နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် မကြုံစဖူး ထိုးစိုက်ကျထားခဲ့သည်။ 

သို့သော် အပြိုင်အဆိုင်ဖြစ်နေသည့် နယ်စပ်ဒေသတစ်ခုအနီးရှိ ဧရာမဆည်ကြီးတစ်ခုကို အိန္ဒိယအတွက် ကြီးလေးသော လုံခြုံရေး လှိုင်းဂယက်ရိုက်မှုများအဖြစ် ရှုမြင်ထားကြောင်း နယူးဒေလီရှိ စစ်ဘက်ဆိုင်ရာ ပညာရှင်များက အလေးပေးမီးမောင်းထိုးပြသနေသည်။ 

“တရုတ်တို့က ဒီလိုမျိုး ကြီးမားတဲ့ ဆည်ပရောဂျက်တစ်ခုကို ဖန်တီးတဲ့အခါ သူတို့ဟာ လေကြောင်းလက်နက် စနစ်တွေ ဖြန်ကျက်တာ၊ လမ်းတွေ ဖောက်တာ၊ မြို့သစ်တွေ ဖော်ထုတ်တာတို့အထိ ဖြစ်ပေါ်လာပါလိမ့်မယ်” ဟု နယူးဒေလီရှိ think tank (နိုင်ငံရေး၊ စီးပွားရေး အကြံပေးအဖွဲ့) တစ်ခုဖြစ်သည့် ဒေလီမူဝါဒဂရု(ပ်) မှ ဗိုလ်မှူးချုပ် အေရွန် ဆာဂဲလ်က Voice of America ကို ပြောခဲ့သည်။ 

“အပြိုင်အဆိုင် ရှိနေတဲ့ နယ်စပ်တစ်ခုအနီးမှာ အဲဒီလိုမျိုး တည်ဆောက်မှုမျိုးကို ခင်ဗျား လုပ်ဆောင်မယ်ဆိုရင် အဲဒါက ကြီးမားတဲ့ အနီရောင်မျဉ်းတစ်ခုကို ဖြစ်လာစေမှာဖြစ်ပြီး ဘယ်လို စစ်ရေးအခြေအနေမှာပဲဖြစ်ဖြစ် အိန္ဒိယကို ဘောင်ခတ်ကျဉ်းမြောင်းစေမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly