စီးပွားရေးရည်မှန်းချက်တွေ ပြည့်မီအောင် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ကင်ဂျုံအွန်း ဝန်ခံ 

စီးပွားရေးရည်မှန်းချက်တွေ ပြည့်မီအောင် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ကင်ဂျုံအွန်း ဝန်ခံ 
Photo - AFP

ဇန်နဝါရီ ၇ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံချက်မှာ ကဏ္ဍအားလုံးနီးပါးဟာ ရည်မှန်းချက်တွေကို ပြည့်မီအောင် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ရံဖန်ရံခါမျှသာကျင်းပတဲ့ အာဏာရအလုပ်သမားပါတီကွန်ဂရက်မှာ ဝန်ခံပြောဆိုခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။

နျူကလီးယားလက်နက်ကိုင်ဆောင်တဲ့နိုင်ငံ့သမိုင်းမှာ ရှစ်ကြိမ်မြောက်နဲ့ ငါးနှစ်အတွင်း ပထမဆုံးကျင်းပတဲ့ အလုပ်သမားပါတီကွန်ဂရက်ဟာ အမေရိကန် ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒင် သမ္မတတာဝန် မထမ်းဆောင်မီ ကျင်းပလာတာဖြစ်ပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားလက်နက်စွန့်လွှတ်ဖို့နဲ့ အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားဖို့ စတဲ့ အပြန်အလှန်သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး ကင်နဲ့ ထရမ့်အကြား ဆွေးနွေးမှုတွေ ရပ်တန့်သွားကတည်းက အမေရိကန်နဲ့မြောက်ကိုရီးယားဆက်ဆံရေးဟာ လိပ်ခဲတည်းလည်းအခြေအနေ ဖြစ်နေခဲ့တာပါ။ 

တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားဟာ အိမ်နီးချင်းတရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားလာတာကို တားဆီးကာကွယ်တဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက နယ်စပ်တွေအားလုံးကို ပိတ်ပြီးတဲ့နောက် ပိုမိုအထီးကျန်လာတာဖြစ်ပါတယ်။

ကွန်ဂရက်ပါတီအစည်းအဝေးကို မြို့တော်ပြုံယမ်းမှာ ဇန်နဝါရီ ၅ ရက် အင်္ဂါနေ့က စတင်ကျင်းပခဲ့တာဖြစ်တယ်လို့ ကိုရီးယားဗဟိုသတင်းဌာန (KCNA) က ဖော်ပြခဲ့ပါတယ်။

နိုင်ငံပိုင်ရုပ်သံရဲ့ ထုတ်လွှင့်ချက်ထဲမှာ ကွန်ဂရက်ခန်းမထဲက ကိုယ်စားလှယ်နဲ့ အစည်းအဝေးတက်ရောက်သူ ၇ ၀၀၀ ခန့်ဟာ တစ်ယောက်မှ နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိပါဘူး။ 

ကင်က ပြီးခဲ့တဲ့ ငါးနှစ် စီးပွားရေးစီမံချက်မှာ ကဏ္ဍအားလုံးနီးပါးဟာ မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေပြည့်မီဖို့ အရမ်း အလှမ်းဝေးခဲ့တဲ့အကြောင်း အလုပ်သမားပါတီကွန်ဂရက်အစည်းအဝေး ပထမဆုံးနေ့မှာ လုပ်ငန်းပိုင်ဆိုင်ရာ သုံးသပ်ပြခဲ့ပါတယ်။ 

၎င်းတို့ရဲ့ စီးပွားရေးမဟာဗျူဟာကို အချိန်မတိုင်မီမှာပဲ မနှစ်က တိတ်တဆိတ် ဖျက်သိမ်းခဲ့ကြပါတယ်။ 

ပြုလုပ်ခဲ့တဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေနဲ့ အမှားတွေကို ကွန်ဂရက်က ပြီးပြည့်စုံစွာ ခွဲခြမ်းစိတ်ဖြာသွားမယ်လို့  ကင်က ထပ်လောင်းပြောခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မရှိဘူးလို့ အခိုင်အမာပြောဆိုထားခဲ့ပြီး လေ့လာသုံးသပ်သူတွေကတော့ အဆိုပါပြောဆိုချက်ကို သံသယရှိနေကြပါတယ်။ ဒါပေမယ့် နွေကာလ ရေကြီးမှုတွေဖြစ်ခဲ့တဲ့အတွက် နိုင်ငံရဲ့ ဘဏ္ဍာရေးကို ထိခိုက်ခဲ့ပါတယ်။

ကွန်ဂရက်အနေနဲ့ ကိုယ့်ကိုယ်ကို မှီခိုအားထားဖို့အရေးကြီးကြောင်း ထပ်လောင်းအတည်ပြုကာ စီးပွားရေးစီမံချက်အသစ်ကို ကြေညာဖွယ်ရှိပြီး ပြတွင်းကိစ္စရပ်တွေကို အလေးထားဆွေးနွေးသွားနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly