အတိုက်အခံအများအပြားကို ဖမ်းဆီးမှုနဲ့အတူ ဟောင်ကောင်မှာ တရုတ်ရဲ့ နှိမ်နင်းဖြိုခွင်းမှု အရှိန်မြင့်လာ

အတိုက်အခံအများအပြားကို ဖမ်းဆီးမှုနဲ့အတူ ဟောင်ကောင်မှာ တရုတ်ရဲ့ နှိမ်နင်းဖြိုခွင်းမှု အရှိန်မြင့်လာ
Photo - AFP

ဇန်နဝါရီ ၇

ဟောင်ကောင်မှာ ယမန်နေ့ ဇန်နဝါရီ ၆ ရက်က အတိုက်အခံလူပုဂ္ဂိုလ် ၅၀ ကျော်ကို ရဲက ဖမ်းဆီးမှုနဲ့အတူ ဟောင်ကောင်မှာ တရုတ်ရဲ့ နှိမ်နင်းဖြိုခွင်းမှုဟာ သိသာထင်ရှားစွာနဲ့ပဲ အရှိန်မြင့်တက်လာခဲ့ပါတယ်။ ဘဏ္ဍာရေးအချက်အချာ နေရာမှာ အလွန်ပြင်းထန်တဲ့ လုံခြုံရေးဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း ရဲတွေက ၎င်းတို့ရဲ့ အကြီးဆုံး စစ်ဆင်ရေးတစ်ခုအတွင်း အတိုက်အခံ ၅၀ ဦးကျော်ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

အဲဒီဖမ်းဆီးမှုကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရ စီးပွားရေးအချက်အချာမြို့မှာ ၂၀၁၉ ခုနှစ်က ကြီးမားပြီး၊ တစ်ခါတစ်ရံ အကြမ်းဖက်မှု ရှိတဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေအတွင်း လူသန်းချီ လမ်းတွေပေါ် ရောက်ခဲ့ပြီးနောက် ဟောင်ကောင်မှာ အတိုက်အခံတွေအပေါ် ချေမှုန်းဖို့ ပေကျင်းရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေအနက်က နောက်ဆုံးပေါ်ပေါက်လာတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

ရဲဝန်ထမ်း ၁,၀၀၀ ကျော် ပါဝင်ခဲ့တဲ့ မနက်အစောပိုင်း စစ်ဆင်ရေးအတွင်း အာဏာဖြိုဖျက်မှုအတွက် အမေရိကန်နိုင်ငံသားတစ်ဦးအပါအ၀င် လူ ၅၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတွေက အတည်ပြုပါတယ်။

ဒီ စွဲချက်တွေကတော့ ယင်းမြို့ရဲ့ တစ်စိတ်တစ်ပိုင်း ရွေးကောက်ခံ လွှတ်တော်မှာ လူများစု အနိုင်ရဖို့ ယမန်နှစ်က အတိုက်အခံအုပ်စုတွေရဲ့ ကြိုးပမ်းမှုတစ်ခုကြောင့် အစပျိုးခဲ့တာ ဖြစ်ပါတယ်။

ဟောင်ကောင် လုံခြုံရေးဌာန အကြီးအကဲ ဂျွန်လီကတော့ ဒီဖမ်းဆီးမှုတွေကို လုပ်ဖို့ လိုအပ်ခဲ့ကြောင်းနဲ့ ဒီဖမ်းဆီးမှုတွေဟာ ဟောင်ကောင်ကို ချောက်နက်တစ်ခုထဲ ထိုးကျအောင် လုပ်ဖို့ ကြိုးပမ်းခဲ့တဲ့ လူအုပ်စုတစ်စုကို ရည်ရွယ်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

ပေကျင်းမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချောင်ယင်က ဒီ ဟောင်ကောင်က ဖမ်းဆီးမှုအပေါ် ခုခံကာကွယ်ပြောဆိုသွားခဲ့ပြီး ဒါဟာ တရုတ်ရဲ့ တည်ငြိမ်မှုနဲ့ လုံခြုံမှုကို လျော့ပါးစေအောင် ကြိုးပမ်းဖို့ ဟောင်ကောင်က လူပုဂ္ဂိုလ်တွေနဲ့ ပြင်ပ အင်အားစုတွေ ပေါင်းကြံမှုကို ဟန့်တားရုံသက်သက်သာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ခုလို ဟောင်ကောင်က ဖမ်းဆီးမှုတွေအပေါ် အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခံထားရတဲ့ အန်တိုနီ  ဘလင့်ကန်က ပြစ်တင်သွားခဲ့ပြီး အာဏာပိုင်တွေဟာ ကမ္ဘာလုံးဆိုင်ရာ အခြေခံအခွင့်အရေးတွေအတွက် ရဲရဲဝံ့ဝံ့ ထောက်ခံလုပ်ဆောင်နေသူတွေအပေါ် တိုက်ခိုက်မှုတစ်ခု လုပ်နေခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly