တရုတ်ကိုချိန်ဆရင်း သီရိလင်္ကာအတွက် ဒေါ်လာ သန်း ၄၈၀ တန်ဖိုးရှိ ကူညီထောက်ပံ့မှု အမေရိကန် ပြန်ရုပ်သိမ်း

တရုတ်ကိုချိန်ဆရင်း သီရိလင်္ကာအတွက် ဒေါ်လာ သန်း ၄၈၀ တန်ဖိုးရှိ ကူညီထောက်ပံ့မှု အမေရိကန် ပြန်ရုပ်သိမ်း

ဇန်နဝါရီ ၆၊ ၂၀၂၁

အမေရိကန်သည် တရုတ်နှင့်စီးပွားရေးဆက်ဆံမှုတိုးတက်လာသော သီရိလင်္ကာနိုင်ငံကို ပြစ်တင်မောင်းမဲသည့်အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၄၈၀ တန်ဖိုးရှိ အခြေခံအဆောက်အအုံဆိုင်ရာကူညီထောက်ပံ့မှုအစီအစဉ်ကို ရုတ်တရက် ရုပ်သိမ်းခဲ့သော်လည်း အဆိုပါလုပ်ရပ်ကြောင့် အာရှနှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနီးကပ်သွားစေဖွယ်ရှိသည်။ 

၎င်းထောက်ပံ့ငွေသည် ညံ့ဖျင်းသော သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာအခြေခံအဆောက်အအုံများကို ရည်မှန်းလျက် အမေရိကန် နိုင်ငံခြားအကူအညီပေးရေးအေဂျင်စီဖြစ်သော Millennium Challenge Corp., (MCC) က ငါးနှစ်တာကာလစီမံကိန်းဖြင့် ကူညီထောက်ပံ့ရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ရည်ရွယ်ထားသည့် စီမံကိန်းများတွင် သီရိလင်္ကာမြို့တော် ကိုလံဘို၏ မြို့ပြဒေသတွင် ၂၀၅ ကီလိုမီတာအရှည်ရှိ လမ်းပိုင်းများကို အဆင့်မြှင့်တင်ခြင်း၊ ကတ်စနစ်ဖြင့်ယာဉ်စီးခကောက်ခံခြင်းနှင့် GPS စနစ်ပါဝင်သော မြို့တော်၏ ဘတ်စ်ကားကွန်ရက်ကို ခေတ်မီစေရန်အဆင့်မြှင့်ခြင်းနှင့် လမ်းဘေးလူသွားလမ်းနှင့်လူကူးမျဉ်းကြားများကို အဆင့်မြှင့်တင်ခြင်းများ ပါဝင်သည်။ နိုင်ငံအလယ်ပိုင်းရှိ တိုးတက်မှုလိုအပ်နေသောနေရာများကို အနောက်ပိုင်းရှိ ဈေးများ၊ ဆိပ်ကမ်းများနှင့် ပိုမိုကောင်းမွန်စွာ ချိတ်ဆက်မိစေရန် ကျေးလက်အဝေးပြေးကွန်ရက်အား ပြုပြင်မွမ်းမံရန်လိုအပ်မည်ဖြစ်သည်။

သို့သော် MCC ၏ ဒါရိုက်တာဘုတ်အဖွဲ့က မိတ်ဖက်နိုင်ငံနှင့် တရားဝင်သဘောတူညီချက်မရှိသောကြောင့် ကူညီထောက်ပံ့မှုကို ပယ်ဖျက်လိုက်ကြောင်း သီရိလင်္ကာရှိ အမေရိကန်သံရုံးက ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ 

ထောက်ပံ့မတည်မှုအစီအစဉ်ရုပ်သိမ်းလိုက်ခြင်းသည် သီရိလင်္ကာနှင့်တရုတ်အကြား ဆက်ဆံရေးတိုးတက်မှုနှင့် ဆက်စပ်ဟန်ရှိသည်။ 

ကာကွယ်ရေးဝန်ကြီးဌာနမှ စီနီယာအရာရှိဟောင်းတစ်ဦးဖြစ်သည့် ဂိုတာဘာယာ ရာဂျာပါ့ခ်ဆာသည် ၂၀၁၉ ခုနှစ် သီရိလင်္ကာသမ္မတရွေးကောက်ပွဲတင် အနိုင်ရရှိပြီးနောက် ၎င်း၏အစ်ကို သမ္မတဟောင်း မဟင်ဒါ ရာဂျာပါ့ခ်ဆာကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ မဟင်ဒါ ရာဂျာပါ့ခ်ဆာသည် တရုတ်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး လက်ရှိအစိုးရလက်ထက်တွင် အာရှအင်အားကြီးနိုင်ငံ တရုတ်၏ ပါဝင်ပတ်သက်မှု ကြီးမားကျယ်ပြန့်လာသည်။ 

တရုတ်သည် သီရိလင်္ကာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် ကျေးလက်ဒေသများရေရရှိရေးများကို တိုးချဲ့လုပ်ဆောင်နိုင်ရေးအတွက်  အမေရိကန်ဒေါ်လာ သန်း ၉၀ အထိ တိုးချဲ့ထောက်ပံ့ရန် အောက်တိုဘာလက ဆုံးဖြတ်ခဲ့သည်။ တရုတ်သည် သီရိလင်္ကာ၌  ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတိုက်ဖျက်ရန်အတွက် မတ်လက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို မတည်ငွေ ထောက်ပံ့ပြီးနောက် အကူအညီ ထပ်မံပေးခြင်းဖြစ်သည်။ 

သီရိလင်္ကာသည် တရုတ်ကားတာယာကုမ္ပဏီ Shandong Haohua Tire ၏ စက်ရုံသစ်တည်ဆောက်ခြင်းကို ဒီဇင်ဘာ ၇ ရက်က အတည်ပြုခဲ့သည်။ အဆိုပါကုမ္ပဏီသည် သီရိလင်္ကာတောင်ပိုင်း ဟမ်ဘန်တိုတာဆိမ်ကမ်းအနီး၌ အမေရိကန်ဒေါ်လာ သန်း ၃၀၀ အကုန်အကျခံကာ စက်ရုံတည်ဆောက်သွားမည်ဖြစ်သည်။ ထုတ်လုပ်သောတာယာများ၏ အနည်းဆုံး ၈၀ % တင်ပို့ရသည့်အခြေအနေအတွက် သီရိလင်္ကာအစိုးရက အခွန်သက်သာခွင့် ပေးထားသည်။ 

တရုတ်စီးပွားရေးလုပ်ငန်းများသည် ကိုလံဘိုရှိ ၎င်းတို့ဖော်ဆောင်မည့် ဆိပ်ကမ်းမြို့ဖွံ့ဖြိုးမှုစီမံကိန်းတွင်လည်း ပါဝင်လျက်ရှိသည်။ မဟင်ဒါရာဂျာပါ့ခ်ဆာ သမ္မတဖြစ်စဉ်အချိန်အခါ ၂၀၁၄ ခုနှစ်က ဆိပ်ကမ်းမြို့စီမံကိန်းကို စတင်ခဲ့ခြင်းဖြစ်ပြီး ကမ်းရိုးတန်းတစ်လျှောက် မြေယာဖော်ဆောင်ခြင်းလုပ်ငန်းများ ၂၀၁၉ ခုနှစ်တွင် ပြီးစီးခဲ့သည်။

တရုတ်-သီရိလင်္ကာဖက်စပ်ကုမ္ပဏီက ရုံးများနှင့်လူနေအဆောက်အအုံများအပါအဝင် အမေရိကန်ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များပါဝင်သော ပထမအဆင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ဒီဇင်ဘာ ၁၇ ရက်က ကြေညာခဲ့သည်။ 

တရုတ်နှင့်သီရိလင်္ကာအကြား စီးပွားဆက်ဆံရေးတိုးတက်လာချိန်တွင် အမေရိကန်၏ ကူညီထောက်ပံ့မှုများရုပ်သိမ်းလိုက်ခြင်းပင်ဖြစ်သည်။ အိန္ဒိယကမ်းရိုးတန်းအနီးရှိ သီရိလင်္ကာကျွန်းနိုင်ငံသည် အစဉ်အလာအားဖြင့် အိန္ဒိယနှင့် ခိုင်မာသော ဆက်ဆံရေးရရှိထားသည်။ သို့သော် သီရိလင်္ကာနှင့်တရုတ်တို့၏ တိုးတက်လာသော ဆက်ဆံရေးသည်  အိန္ဒိယသမုဒ္ဒရာဒေသတွင် ပဋိပက္ခအခြေအနေသစ်တစ်ရပ် ဖြစ်ပေါ်နိုင်ဖွယ်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly