အမေရိကန်နဲ့တင်းမာမှုမြင့်တက်နေချိန် တောင်ကိုရီးယားရေနံတင်သင်္ဘောကို အီရန်ဖမ်းဆီး

အမေရိကန်နဲ့တင်းမာမှုမြင့်တက်နေချိန် တောင်ကိုရီးယားရေနံတင်သင်္ဘောကို အီရန်ဖမ်းဆီး
Photo - AFP

ဇန်နဝါရီ ၅၊ ၂၀၂၁

အီရန်ဟာ အမေရိကန်နဲ့ဆက်ဆံရေးတင်းမာမှုတွေ မြင့်တက်လာချိန်မှာပဲ ဟောမုဇ်ရေလက်ကြားမှာ တောင်ကိုရီးယားအလံလွှင့်ထူထားတဲ့ ရေနံတင်သင်္ဘောတစ်စီးကို ပင်လယ်ရေကြောင်းဝန်းကျင်ဥပဒေချိုးဖောက်မှုနဲ့ အီရန်တော်လှန်ရေးအစောင့်တပ်က ဖမ်းဆီးလိုက်တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာန IRIB က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။ 

တောင်ကိုရီးယားက ၎င်းတို့ရဲ့ Hankuk Chemi သင်္ဘောနဲ့ သင်္ဘောသားအယောက် ၂၀ ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ဟောမုဇ်ရေလက်ကြားအနီးမှာ တောင်ကိုရီးယားစစ်တပ်ရဲ့ ပင်လယ်ဓားပြချေမှုန်းရေးအဖွဲ့ကို စေလွှတ်ထားပါတယ်။

ရေနံထွက်ဓာတုကုန်ပစ္စည်းတန်ချိန်ပေါင်း ၇ ၂၀၀ သယ်ဆောင်လာတဲ့သင်္ဘောကို အီရန်တော်လှန်ရေးအစောင့်တပ်က မနက်ပိုင်းက ဖမ်းဆီးထားကြောင်း ၎င်းတို့ရဲ့ Sepahnews ဝက်ဘ်ဆိုက်မှာ ဇန်နဝါရီ ၄ ရက်က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ အယ်လ်ဂျူဘိုင်လ်ဆိပ်ကမ်းကနေ ယူအေအီးနိုင်ငံဆီထွက်ခွါလာတဲ့ ရေနံတင်သင်္ဘောဟာ ရေကြောင်းပတ်ဝန်းကျင်ဆိုင်ရာဥပဒေတွေကို ထပ်တလဲလဲချိုးဖောက်တဲ့အတွက် ဖမ်းဆီးတာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုကြောင့် တောင်ကိုရီးယားရဲ့ ထိန်းချုပ်ခြင်းခံထားရတဲ့ ဘီလီယံနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေကို အီရန်က ပြန်ရဖို့ လိုလားနေတာဖြစ်ပြီး တောင်ကိုရီးယားရဲ့ ဒု-နိုင်ငံခြားရေးဝန်ကြီး တီဟီရန်ကို မလာမီ ရက်ပိုင်းအလိုမှာ သင်္ဘောဖမ်းဆီးခံရတာဖြစ်ပါတယ်။ 

အီရန်က ၎င်းတို့ရဲ့ ယူရေနီယံသန့်စင်မှုကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လုပ်ဆောင်တော့မယ်လို့ ပြောခဲ့တဲ့နေ့မှာပဲ အခုဖြစ်ရပ် ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

အစ္စလာမ္မစ်နိုင်ငံရဲ့ လတ်တလောခြိမ်းခြောက်မှုတွေခံနေရတယ်လို့ ပင်တဂွန်က ဆိုခဲ့တာကြောင့် အမေရိကန်ဟာ ပင်လယ်ကွေ့ကနေ ၎င်းတို့လေယာဉ်တင်သင်္ဘော USS Nimitz ကို ပြန်ခေါ်မယ့်ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ပစ်ခဲ့ရပါသေးတယ်။

နည်းပညာပြဿနာနဲ့ ပင်လယ်ပြင်ကို ညစ်ညမ်းစေတဲ့အတွက်ကြောင့်သာ ရေနံတင်သင်္ဘောကိုဖမ်းဆီးရတာဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆာအိဒ် ခါတစ်ဇာဒက်က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ 

အီရန်ဟာ တခြားနိုင်ငံတွေလိုပဲ အထူးသဖြင့် ပင်လယ်ရေကြောင်းပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ ဥပဒေချိုးဖောက်မှုတွေအပေါ် အကဲဆတ်တာကြောင့် ဥပဒေဘောင်ထဲကပဲ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ဆာအိဒ်ကပြောပါတယ်။

ဖမ်းဆီးထားတဲ့ သင်္ဘောသားတွေထဲမှာ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly