သဘာဝ ဘေးစီမံဥပဒေဖြင့် အမှုဖွင့်ခံရသည့် ခြိမ့်ကေကို မြစ်သားရဲစခန်းတွင် လာရောက် အဖမ်းခံ  

သဘာဝ ဘေးစီမံဥပဒေဖြင့် အမှုဖွင့်ခံရသည့် ခြိမ့်ကေကို မြစ်သားရဲစခန်းတွင် လာရောက် အဖမ်းခံ  
ဓာတ်ပုံ - Chaink K Ko/Facebook

ဇန်နဝါရီလ ၄၊ ၂၀၂၁  

ကိုဗစ်ကာလအတွင်း လူစုလူဝေး ပြုလုပ်မှုကြောင့် သဘာဝ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်လှစ်ခံထားရသည့် ခြိမ့်ကေကိုသည် တစ်လကြာပြီးနောက်  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့မ ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။   

သီချင်းသီဆိုမှုများကြောင့် ဘနားနားဟု အွန်လိုင်းတွင် လူသိများသည့် ခြိမ့်ကေကို ကိုယ်တိုင် လွတ်လပ်ရေးနေ့ဖြစ်သည့် ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းအချိန်က မြစ်သား မြို့မရဲစခန်းတွင် လာရောက် အဖမ်းခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။  

ခြိမ့်ကေကို လာရောက် အဖမ်းခံမှုနှင့် ပတ်သက်ပြီး မဇ္စျိမသတင်းဌာနက မြစ်သား မြို့မရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “(အကျဉ်းထောင်ကို) မပို့သေးပါဘူး၊ ဒီမှာပဲ ရှိပါသေးတယ်။ စခန်းမှာ ထိန်းသိမ်းထားတုန်းပဲ ရှိပါသေးတယ်” ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက ဖြေကြားခဲ့သည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်းက မြစ်သားမြို့နယ်၊ မင်းဝန်ကျေးရွာတွင် ပြုလုပ်ခဲ့သည့် မွေးနေ့ပွဲတစ်ခုတွင် သီချင်းသီဆိုခဲ့သဖြင့် သဘာဝ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ခြိမ့်ကေကို အမှုဖွင့်လှစ်ခြင်း ခံခဲ့ရသည်။   

ဖြစ်စဉ်မှာ မြစ်သားမြို့နယ်၊ မင်းဝန်ကျေးရွာတွင် ဒီဇင်ဘာလ ၃ ရက်နေ့က မွေးနေ့ပွဲတစ်ခု ကျင်းပခဲ့ရာ COVID-19 စည်းကမ်းချက်များကို ကျော်လွန်ပြီး တီးဝိုင်းဖြင့် ဖျော်ဖြေပွဲပြုလုပ်ခဲ့သဖြင့် သီဆိုဖျော်ဖြေသူ ခြိမ့်ကေကိုနှင့် သမီးဖြစ်သူ၏ မွေးနေ့ပွဲကို ဦးဆောင်ကျင်းပသူ ဖခင်တို့ကို သဘာဝ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ /၃၀ (က) ဖြင့် မြစ်သားမြို့နယ် ရဲစခန်းတွင် အမှုဖွင့်လှစ်ခံခဲ့ရသည်။   

ဟာသသရုပ်ဆောင် ဒိန်းဒေါင်က ၎င်း၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင် “မင်း ငါ့စကားကို နားထောင်ပြီး အဖမ်းခံလိုက်တဲ့အတွက် ကျေနပ်တယ်။ လိုအပ်ရင် တတ်နိုင်သလောက် ကူညီမယ်စိတ်ချ” ဟု ရေးသားထားကြောင်း တွေ့ရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly