ကယားပြည်နယ်ရှိ လီဆူးကျေးရွာကို ခရီးသွားလုပ်ငန်း CBT အဖြစ် ဖော်ဆောင်မည် 

ကယားပြည်နယ်ရှိ လီဆူးကျေးရွာကို ခရီးသွားလုပ်ငန်း CBT အဖြစ် ဖော်ဆောင်မည် 
ဓာတ်ပုံ - စောသန်းထိုက်ဦး

ဇန်နဝါရီ ၃၊ ၂၀၂၁ 

ကယားပြည်နယ်တွင် ခရီးသွားများ လည်ပတ်နိုင်ရန် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း (Community Base Tourism - CBT) အဖြစ် လီဆူး တိုင်းရင်းသားများ နေထိုင်သည့် ပိန်းချစ် ကျေးရွာ အုပ်စု၊ အိုင်စန့် ကျေးရွာကို ဖော်ဆောင်သွားမည်ဟု ဇန်နဝါရီလ ၂ ရက်နေ့က ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောသည်။ 

ခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည် ဖော်ဆောင်ရန် ဇန်နဝါရီလ ၂ ရက်နေ့တွင် အိုင်စန့်ကျေးရွာသို့ ကွင်းဆင်းလေ့လာခဲ့စဉ် သတင်းထောက်များကို ဦးလင်းဇော်ထွဋ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ဓာတ်ပုံ - စောသန်းထိုက်ဦး

“ကယားပြည်နယ်မှာ ကျွန်တော်တို့ လေ့လာကြည့်လိုက်တော့ တမူထူးခြားတာပေါ့နော်။ လီဆူးတွေ နေထိုင်တဲ့ အိုင်စန့် ကျေးရွာမှာ ဒါလေးက တို့တိုင်းရင်းသားတွေ ရိုးရာမပျက် နေတယ်လို့ ကျွန်တော်တို့ သိရတဲ့အတွက် ကွင်းဆင်းလေ့လာခြင်း ဖြစ်ပါတယ်” ဟု ဦးလင်းဇော်ထွဋ်က ပြောသည်။ 

အဓိက အိုင်စန့် ကျေးရွာ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးကို ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဦးလင်းဇော်ထွဋ်က ဆက်ပြီး ပြောသည်။ 

ဓာတ်ပုံ - စောသန်းထိုက်ဦး

“သူတို့ ခရီးသွား လုပ်ခြင်းအားဖြင့် လမ်းတွေ၊ ရေတွေ၊ မီးတွေ၊ ဥပမာ ပြောရရင် ပန်ပက်ကျေးရွာလို့ပေါ့၊ ပန်ပက်ဆိုရင် အရင်က လမ်းပန်း ဆက်သွယ်ရေး အရမ်း ခက်ခဲတဲ့နေရာပါ၊ ရေ၊ မီး ခက်ခဲတဲ့နေရာ၊ ဒါလေးကို ကျွန်တော်တို့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းအားဖြင့် အများသိတဲ့ အတိုင်းပဲ ပန်ပက်ရွာမှာဆိုရင် ရေ၊ မီး၊ လျှပ်စစ်၊ လမ်းကအစ အကုန်လုံး ကောင်းလာပြီးပေါ့၊ အခု ကျွန်တော်တို့ လမ်းမှာ မြင်ခဲ့တဲ့အတိုင်းပဲ၊ အိုင်စန့်ကျေးရွာဆိုရင် လမ်း မကောင်းဘူး၊ မီးတော့ ရှိနေတယ်၊ နောက်ကျန်တဲ့ အခြေခံ အဆောက်အဦ အများကြီး ရှိပါတယ်။ ဒါလေးကို ကျွန်တော်တို့က ခရီးသွားလုပ်ငန်း လုပ်ခြင်းအားဖြင့် အထက်လူ အကြီးအကဲတွေလည်း သိမယ်၊ ပြီးလို့ရှိရင် ကျွန်တော်တို့ရဲ့ ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု တစ်ခုအနေနဲ့ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ CBT နဲ့ ဖော်ဆောင်ခြင်း ဖြစ်ပါတယ်” ဟု ဦးလင်းဇော်ထွဋ်က ရှင်းပြသည်။ 

အိုင်စန့်ကျေးရွာသို့ ကွင်ဆင်း လေ့လာသူများကို ဒေသခံ လီဆူးတိုင်းရင်းသား အမျိုးသမီးများက ရိုးရာ အကများဖြင့် ကြိုဆိုခဲ့ကြပြီး ရိုးရာအိမ်များ ဆောက်လုပ်ထားသည်ကို တွေ့မြင်ခဲ့ရသည်။ 

ဓာတ်ပုံ - စောသန်းထိုက်ဦး

အိုင်စန့် ကျေးရွာမှ ဦးစိုးမိုးဝင်းက ၎င်းတို့ကျေးရွာကို ခရီးသွားလုပ်ငန်း အကောင်အထည် ဖော်ဆောင်ပါက လီဆူး ရိုးရာအိမ်များ အဓိက ဦးစားပေး၍ ဆောက်လုပ်ရန် စီစဉ်ထားကြောင်း ပြောသည်။ 

“ဧည့်သည်တွေလည်း မီးလှုံလို့ရတယ်၊ ချက်စားလို့ရတယ်။ အိမ်ခန်းကိုကျတော့ မီးဖိုမထားဘူး။ ဧည့်သည်တွေ နားနေလို့လည်းရတယ်။ အိပ်လို့လည်းရတယ်။ သီးသန့် လုပ်ထားပေးတယ်ပေါ့နော်။ ဒါကျွန်တော်တို့ရဲ့ လီဆူးအိမ်က ဒါအစစ်အမှန်ပဲ။ သံချွန်မပါဘူး၊ ဝါးကို ယက်တယ်၊ ယက်ပြီးတော့မှ ဝါးနဲ့ခင်းတယ်၊ ဝါးနဲ့ကာတယ်။ မိုးတာလည်း ကျွန်တော်တို့ ဖက်နဲ့မိုးတယ်။ အစစ်အိမ်ကတော့ ဒါပါပဲ” ဟု ဦးစိုးမိုးဝင်းက ပြောသည်။ 

ကယားပြည်နယ် အတွင်း ကျေးရွာ လီဆူးကျေး သုံးရွာရှိပြီး လူဦးရေ စုစုပေါင်း ၄၈၀ ခန့်ရှိသည့်အနက် အိုင်စန့်ကျေးရွာတွင် အိမ်ခြေ ၄၃ အိမ်၊ လူဦးရေ ၁၀၀ ခန့် ရှိကြောင်း သိရှိရသည်။ 

ဓာတ်ပုံ - စောသန်းထိုက်ဦး

လက်ရှိတွင် ကယားပြည်နယ်အတွင်း ရပ်ရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) အဖြစ် ကယားနှင့် ကယော တိုင်းရင်းသားများ အများစု နေထိုင်သည့် ဒေါတမကြီး၊ ပန်ပက်၊ ထေခို၊ တနီးလာလဲ ကျေးရွာ လေးရွာတို့ကို ဖော်ဆောင်ထားပြီး ဖြစ်သည်။ 

ထို့အပြင် ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံ နယ်စပ်တွင် ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် ရှားတောမြို့နယ်နှင့် ဘောလခဲခရိုင် ရွာသစ် ကျေးရွာများတို့ကိုလည်း CBT အဖြစ် ထပ်မံ အကောင်အထည် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ရွာသစ်နှင့် ရှားတောမြို့တို့တွင် ခရီးသွားများ အနေဖြင့် နှစ်ပေါင်း ၁၅၀ ခန့် ဘုန်းကြီးကျောင်းနှင့် ရေတံခွန်များ ရှိကြောင်း သိရသည်။ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းကို ၂၀၁၀ ပြည့်နှစ်တွင် အစီအစဉ်များ ရေးဆွဲခဲ့ပြီး ၂၀၁၃ ခုနှစ်မှ စတင်၍ ကျေး ရွာများအလိုက် အကောင်အထည် ဖော်ဆောင်ခဲ့ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly