တိုင်ပေသို့ ထွက်ပြေးဖို့ လုပ်ရင်း အဖမ်းခံရတဲ့ ဟောင်ကောင်သား ၁၂ ဦးရဲ့အမှုကို တရုတ်တရားရုံးမှာ ကြားနာ  

တိုင်ပေသို့ ထွက်ပြေးဖို့ လုပ်ရင်း အဖမ်းခံရတဲ့ ဟောင်ကောင်သား ၁၂ ဦးရဲ့အမှုကို တရုတ်တရားရုံးမှာ ကြားနာ  
Photo - AFP

ဒီဇင်ဘာ ၂၉

တိုင်ပေမှာ ခိုလှုံခွင့်ရဖို့ စပိဘုတ်နဲ့ ဟောင်ကောင်ကနေ ထွက်ပြေးဖို့ ကြိုးစားရင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဟောင်ကောင် ဒီမိုကရေစီ လိုလားတဲ့ တက်ကြွလှုပ်ရှားသူ ၁၂ ယောက်ရဲ့ အမှုကို ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်က တရုတ်မှာ တရားရုံး ကြားနာစစ်ဆေးမှု စတင်ခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာလည်းပဲ အဆိုပါ ဟောင်ကောင်သား ၁၂ ဦးဟာ အာဏာပိုင်တွေရဲ့ နိုင်လိုမင်းထက်ပြုမှုကနေ လွတ်မြောက်ဖို့ ထွက်ပြေးခဲ့ကြသူတွေဖြစ်ပြီး ၎င်းတို့ကို ချက်ချင်း လွှတ်ပေးဖို့ အမေရိကန်က တိုက်တွန်းခဲ့ပါတယ်။ 

“ဟောင်ကောင် ၁၂” လို့ ခေါ်တဲ့ အုပ်စုထဲက  ၁၀ ဦးကို ယမန်နေ့က တရုတ်တောင်ပိုင်း ရှန်ကျန်းမြို့က တရားရုံးတစ်ခုမှာ ရုံးထုတ်လာခဲ့ပြီး ၎င်းတို့ဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဆက်နွယ်တဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

အဆိုပါ ဟောင်ကောင်သားတွေ စီးနင်းလာတဲ့ စပိဘုတ် ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်က ကြားဖြတ်ဟန့်တားခံရပြီးနောက် တရုတ်အာဏာပိုင်တွေဟာ ၎င်းတို့ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။ 

အဆိုပါ တရားရုံး ကြားနာစစ်ဆေးမှုဟာ စီစဉ်ထားတဲ့အတိုင်း ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းမှာ စတင်ခဲ့တယ်လို့ နားလည်ရပြီး ညနေပိုင်းအထိ ဆက်လက်စစ်ဆေးခဲ့ဖွယ်ရှိပါတယ်။ 

ဒါပေမယ့်လည်း တရားရုံး ဆုံးဖြတ်ချက် ဘယ်အချိန်မှာ ချမှတ်သွားမလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ 

ဒီ အမှုကိစ္စနဲ့ပတ်သက်လို့ တရားရုံး တာဝန်ရှိသူတွေက ရေငုံ နှုတ်ပိတ်ထားလျက် ရှိပြီး တရုတ်ရဲ့ လျှို့ဝှက်တဲ့ တရားရေးစနစ်ထဲက အခြားအမှုအများအပြားလိုပဲ ဒီ ရုံးတင်စစ်ဆေးမှုဟာလည်း နိုင်ငံခြား သတင်းထောက်တွေ ဒါမှမဟုတ် သံတမန်တွေကို မြင်နိုင်အောင် ဖွင့်မပေးထားခဲ့ပါဘူး။ 

ဟောင်ကောင်သားအုပ်စုထဲက အနည်းဆုံး နှစ်ဦးကတော့ ဟောင်ကောင်ကနေ ထွက်ပြေးဖို့ ကြိုးပမ်းမှုကို စီစဉ်ခဲ့မှုအတွက် ထောင် ခုနစ်နှစ်ခန့်အထိ ချမှတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။  

အုပ်စုမှာ ပါနေတဲ့သူတစ်ချို့ကတော့ ဟောင်ကောင်မှာလည်း တရားစွဲဆိုမှုနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ဟောင်ကောင်မှာ ဆန္ဒပြလှုပ်ရှားမှုတွေဖြစ်ခဲ့တဲ့နောက် တရုတ်အာဏာပိုင်တို့ဟာ အလွန်ပြင်းထန်တဲ့ အမျိုးသား လုံခြုံရေးဥပဒေတစ်ခုကို ပြဋ္ဌာန်းထားခဲ့ပါတယ်။ 

“သူတို့ရဲ့အမှုက နိုင်လိုမင်းထက်မှုကနေ ထွက်ပြေးဖို့ လုပ်ခဲ့တာပါ၊ သူတို့ကို ချက်ချင်း လွှတ်ပေးသင့်ပါတယ်” ဟု အမေရိကန် သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဟောင်ကောင်သားတွေ တရားရုံး စစ်ဆေးမှုမတိုင်မီမှာ အေအက်ဖ်ပီကို ပြောသွားခဲ့ပါတယ်။ 

အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အမေရိကန်ရဲ့ မှတ်ချက်စကားတွေကို ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။ “ဝါရှင်တန်အနေနဲ့ ဟောင်ကောင် ကိစ္စကနေတဆင့် တရုတ်ရဲ့ ပြည်တွင်းရေးကို ဝင်စွက်တာတွေ ရပ်ရပါလိမ့်မယ်၊ တရုတ်ရဲ့ တရားစီရင်ရေး အချုပ်အချာအာဏာကို စွက်ဖက်တာကို ချက်ချင်း ရပ်ရပါလိမ့်မယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင် လီကျန်းက ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly