ဒီဇင်ဘာ ၂၅
ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား ရှင်းလင်းမှုတွင် မြန်မာအလုပ်သမား ၇၂ ဦး အကြောင်းပြချက် မရှိဘဲ မြန်မာနိုင်ငံသို့ ပြန်ပို့ခံရကြောင်း သိရသည်။
ချင်းရိုင်ခရိုင်တွင် အာဏာပိုင်များက တရားဝင် လာရောက်သည့် မြန်မာလုပ်သားများကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပြန်ပို့ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ရောဂါ အဓိက ဖြစ်ပွားနေသည့် ဆမွတ်ဆခွန် ပြည်နယ်တွင် ဆက်စပ်သူများလည်း မဟုတ်ကြောင်း သည်နေးရှင်း သတင်းစာက ဖော်ပြသည်။
ထိုင်း၌ ကိုဗစ်ရောဂါ ကူးစက်မှုတွင် မြန်မာ ရွှေ့ပြောင်းလုပ်သား အများအပြား ပါဝင်နေသောကြောင့် စိစစ်ရာတွင် အဆိုပါ မြန်မာလုပ်သား ၇၂ ဦး ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်မြို့ နယ်စပ်ဂိတ်မှတစ်ဆင့် ပြန်ပို့ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
ဘန်ကောက်နှင့် ဆမွတ်ဆခွန် ပြည်နယ်တွင်လည်း အထောက်အထားမရှိသည့် ရွှေ့ပြောင်းလုပ်သားများကို ယမန်နေ့က ထိုင်းလူဝင်မှုကြီးကြပ်ရေးက စိစစ်ခဲ့သည်။
ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနတို့မှာ အင်အား ၃၀၀ ပါ အရာရှိများက ဆမွတ်ဆခွန်ပြည်နယ်တွင် ဒီဇင်ဘာ ၂၂ ရက်က စစ်ဆေးခဲ့ရာ တရားမဝင် ရွှေ့ပြောင်းလုပ်သား ၆၁ ဦး တွေ့ရှိခဲ့ပြီး မြန်မာ ၄၄ ဦး၊ ကမ္ဘောဒီးယား လေးဦးနှင့် လာအိုမှ သုံးဦးတို့ဖြစ်ကြောင်း သည်နေးရှင်းက ဖော်ပြသည်။
၎င်းတို့ကို ကိုဗစ်ရောဂါ စစ်ဆေးခဲ့ရာတွင် တစ်ဦးမျှ ကူးစက်ခြင်း မရှိကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံတွင် တကျော့ပြန် ဖြစ်ပွားနေသည့် ကိုဗစ်ရောဂါအတွက် အထောက်အထား မရှိသည့် ရွှေ့ပြောင်းလုပ်သားအပေါ် အပြစ်ပုံမချရန် အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် မဲခေါင် ရွှေ့ပြောင်းလုပ်သား ကွန်ရက်က ထိုင်းအာဏာပိုင်များကို တိုက်တွန်းထားသည်။
ထိုင်းတွင် ကိုဗစ်ရောဂါ တကျော့ပြန် ဖြစ်ပွားမှုသည် ဆမွတ်ဆခွန်ပြည်နယ်မှ မြန်မာ ရွှေ့ပြောင်းလုပ်သားများကြောင့်ဟု အပြစ်တင်မှုများ ရှိနေသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်နိုင်ရန် လုပ်ဆောင်နေသည့် လူကုန်ကူးဂိုဏ်းများ၊ ဝင်ရောက်ခွင့်ရစေရန် လာဘ်စားပြီး ဆောင်ရွက်ပေးသည့် ထိုင်းလူဝင်မှု ကြီးကြပ်ရေးနှင့် နယ်စပ် အရာရှိများကို စိစစ်ဖော်ထုတ် အရေးယူရန် ညွှန်ကြားထားသည်။
ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်သူ ၅၉၀၀ ကျော်၊ ပြန်လည် သက်သာလာသူ ၄၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၀ ရှိသည်။ ယခု ထပ်မံဖြစ်ပွားနေသည့် ကိုဗစ်ရောဂါ ကူးစက်မှုတွင် မြန်မာလုပ်သား ၁၀၀၀ ကျော် ပါဝင်နေကြောင်း သိရသည်။