ထိုင်းတွင် မြန်မာအလုပ်သမားများ စွန့်ပစ်ခံရမှု တာဝန်ရှိသူကို စုံစမ်းနေ 

ထိုင်းတွင် မြန်မာအလုပ်သမားများ စွန့်ပစ်ခံရမှု တာဝန်ရှိသူကို စုံစမ်းနေ 
ဓာတ်ပုံ - ဆွတ်သီဝစ် ချာယွတ်ဝိုရာကန်

ဒီဇင်ဘာ ၂၄

ထိုင်းနိုင်ငံ၊ ဆမွတ်ပရာခန်ပြည်နယ်တွင် စွန့်ပစ်ခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦးနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ 

မြန်မာလုပ်သား ၁၄ ဦးသည် ကိုဗစ်ရောဂါ ကူးစက်မှု ရာပေါင်းများစွာ တွေ့နေသည့် ဆမွတ်ဆခွန် ပြည်နယ်ရှိ စက်ရုံတစ်ရုံမှဖြစ်ပြီး ၎င်းတို့ကို ဆမွတ်ပရာခန်ပြည်နယ်၊ ဘန်းဖလီမြို့နယ် လမ်းဘေးတစ်နေရာ၌ အထုတ်များစုပုံကာ စုဝေးရပ်နေသည်ကို ထိုင်းရဲက ဒီဇင်ဘာ ၂၂ ရက် ညတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။  

ဆမွတ်ဆခွန်ပြည်နယ်ရှိ STI Precision ပလတ်စတစ် ပုံစံသွင်းစက်ရုံတွင် လွန်ခဲ့သည့် တစ်လခန့်မှစ၍ အလုပ်လုပ်နေသူများ ဖြစ်ကြောင်း၊ စက်ရုံ Human Resource ဌာန တာဝန်ရှိသူက ဒီဇင်ဘာ ၂၂ ရက် ညနေတွင် ရုတ်တရက် လာရောက်၍ စက်ရုံကို ထိုင်းရဲက ဝင်စစ်မည်ဖြစ်သောကြောင့် အလုပ်သမားများ အလျင်အမြန် ထွက်ခွာရန် လိုအပ်ကြောင်း ပြောခဲ့သည်ဟု မြန်မာလုပ်သားများက ထွက်ဆိုခဲ့သည်။  

ထို့နောက် မြန်မာလုပ်သားများကို လိုက်ပို့သည့် ဘတ်စ်ကားသမားက သစ်တောထဲတွင် ပုန်းအောင်းရန် ပြောဆိုခဲ့ကြောင်း၊ ၎င်းတို့က ငြင်းဆိုပြီး ဆွေမျိုးနှင့် အသိများ အလုပ်လုပ်သည့် စက်ရုံရှိရာ ဘန်နာထရတ်လမ်းသို့ ပို့ခိုင်းခဲ့ကြောင်း၊ ဆွေမျိုးနှင့် အသိများနှင့် တွေ့ခွင့်ရရန် ကြိုးစားခဲ့သော်လည်း စက်ရုံပိုင်ရှင်က စက်ရုံဝင်းအတွင်း ဝင်ခွင့်မပြုကြောင်းလည်း မြန်မာရွှေ့ပြောင်းလုပ်သားများက ပြောသည်။ 

ပြည်တွင်းလုံခြုံရေး ဆောင်ရွက်ရေး ကွပ်ကဲမှုဌာနမှ တာဝန်ရှိသူ ဗိုလ်မှူးကြီး ကရစ်ပါနူက ၎င်း၏ တပ်ဖွဲ့ဝင်များသည် ရွှေ့ပြောင်းလုပ်သား အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနှင့် ဆက်သွယ်ပြီး ရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်၊ နေထိုင်သော စက်ရုံနှင့် အဆောင်များ အားလုံးကို စစ်ဆေးနိုင်ရေး ဆွေးနွေးမည်ဟု ဘန်ကောက်ပို့စ်သို့ ပြောထားသည်။ 

တစ်ချိန်တည်းတွင် ဒီဇင်ဘာ ၂၃ ရက်နေ့က မြန်မာ ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူများသည် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့သို့ ရောက်ရှိနေသည့် ထိုင်း ၂၉ ဦးကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်သို့ နယ်နှင်ခဲ့သည်။  

အဆိုပါ ထိုင်းနိုင်ငံသားများသည် ထိုင်း-မြန်မာ နယ်စပ် ခြေလျင်လမ်းကြောင်းမှ တာချီလိတ်မြို့သို့ ခိုးဝင်ခဲ့သူများဖြစ်ပြီး ကိုဗစ်ကာလ ကန့်သတ်ပိတ်ဆို့မှုများကြောင့် သောင်တင်နေကြသူများဖြစ်သည်။ မယ်ဆိုင်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး ကွာရန်တင်း ထားရှိသည့် ယင်း ထိုင်းနိုင်ငံသား ၂၉ ဦးအနက် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုး ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိသည်ဟု သိရသည်။           

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly