ဒီဇင်ဘာ ၂၃
အဇာဘိုင်ဂျန်နဲ့ အငြင်းပွားဖွယ်ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုလိုက်တဲ့အပေါ် မကျေနပ်တဲ့ အာမေးနီးယားဆန္ဒပြသူထောင်ပေါင်းများစွာဟာ ဝန်ကြီးချုပ် နီကိုပါရှင်းနီးယန်းကို နုတ်ထွက်ပေးဖို့ မြို့တော် ယီရီဗန်မှာ အင်္ဂါနေ့က ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူ ၂၅ ၀၀၀ ခန့်က ‘နီကို သစ္စဖောက်၊ အာမေးနီးယားမှာ နီကိုအလိုမရှိ’ ဆိုပြီး ကြွေးကြော်အော်ဟစ်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက အစိုးရရုံးကို ဝန်းရံထားပြီး အဓိကရုဏ်းနှိမ်နင်းရေးရဲတွေကိုလည်း ဆန္ဒပြပွဲမှာ ပူးပေါင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဝန်ကြီးချုပ် နီကိုပါရှင်းနီးယန်းဟာ ရုရှားရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့ ပြီးခဲ့တဲ့လတုန်းက ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကာ သီတင်းခြောက်ပတ်ကြာဖြစ်ပွားခဲ့တဲ့ နာဂေါ်နိုခါရာဘတ် စစ်ပွဲကို အဆုံးသတ်ခဲ့ပါတယ်။ အဆိုပါစစ်ပွဲမှာ သေဆုံးသူ ၆ ၀၀၀ ကျော်ရှိခဲ့ပါတယ်။
အဇာဘိုင်ဂျန်ဟာ တိုက်ပွဲအတွင်း ဒေသလေးခုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် စာချုပ်အရ အာမေးနီးယားဆီကနေ ဒေသသုံးခုကိုလည်း ထပ်မံရရှိမှာဖြစ်ပါတယ်။
အဆိုပါဆုံးဖြတ်ချက်တွေကြောင့် အာမေးနီးယားမှာ ဝန်ကြီးချုပ်ကို နုတ်ထွက်ပေးဖို့ နေ့စဉ်နီးပါး ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အရှိန်အဟုန် ပိုပြင်းလာခဲ့ပါတယ်။
အတိုက်အခံအဖွဲ့တွေက နိုင်ငံအဝှမ်းဆန္ဒပြဖို့ ဆော်ဩခဲ့ပြီးတဲ့နောက် အင်္ဂါနေ့က အစိုးရအဆောက်အအုံရှေ့က နိုင်ငံ့ရင်ပြင်၊ အစိုးရရှေ့နေရုံးရှေ့နဲ့ တခြားဝန်ကြီးဌာနရုံးတွေရှေ့မှာ လူပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
အတိုက်အခံပါတီ ဒက်ရှ်နာဆုယွန်အဖွဲ့ရဲ့ခေါင်းဆောင် အစ်ရှ်ခန်ဆာဂါတီလီယံ က “ဒီအစိုးရဟာ ကျွန်တော်တို့ကို ကိုယ်စားမပြုတော့ပါဘူး။ သူတို့ရဲ့ဆုံးဖြတ်ချက်တွေဟာ တရားမဝင်တဲ့အတွက် နုတ်ထွက်ရပါမယ်” လို့ဆိုပါတယ်။
သယ်ယူပို့ဆောင်ရေး၊ ယီရီဗန်တက္ကသိုလ်ကုန်သွယ်ရေးသမဂ္ဂနဲ့ စီးပွားရေးလုပ်ငန်းဒါဇင်ကျော်ခန့်က ဝန်ထမ်းတွေလည်း ဆန္ဒပြပွဲမှာ ပူးပေါင်းခဲ့ကြပါတယ်။