သမုတ်- လွတ်လွတ် မြစ်ကူးတံတား ဒီဇင်ဘာ ၂၀ရက်တွင် စတင်ဖြတ်သန်းခွင့်ပြုမည်

သမုတ်- လွတ်လွတ် မြစ်ကူးတံတား ဒီဇင်ဘာ ၂၀ရက်တွင် စတင်ဖြတ်သန်းခွင့်ပြုမည်
ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

မြိတ်၊ ဒီဇင်ဘာ (၁၉)

ရန်ကုန်- ထားဝယ်- မြိတ် ပြည်ထောင်စု လမ်းမကြီး ပေါ်ရှိ သမုတ်- လွတ်လွတ် မြစ်ကူးတံတားမှာ ပြီးစီးနေပြီဖြစ်သည့်အတွက် ဒီဇင်ဘာလ ၂၀ရက်နေ့မှစတင်ကာ ယာဉ်များကို ဖြတ်သန်းခွင့်ပြုသွားမည်ဖြစ်ကြောင်း တံတား စီမံကိန်းမှ တာဝန်ရှိသူက ပြောသည်။

“လက်ရှိ တံတားကို ယာယီ ဖြတ်သန်း သွားလာခွင့် ပြုထားပါတယ်၊ အိမ်စီးကားတွေနဲ့ ဆိုင်ကယ်တွေပေါ့ ကုန်ကားတွေတော့ မပါသေးဘူး၊ ၂၀ ရက်နေ့မှာ တရားဝင် ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်”ဟု တံတား တည်ဆောက်ရေး အဖွဲ့ (၄) မှ လက်ထောက် ညွန်ကြားရေးမှူး ဦးဟိန်းဝင်းထက်က ပြောသည်။

သမုတ်-လွတ်လွတ် မြစ်ကူး တံတားကို ပြည်ထောင်စု ရန်ပုံငွေနှင့် တိုင်းဒေသကြီး ရန်ပုံငွေကျပ် သန်းပေါင်း  ၁၁၈၀၀ ကုန်ကျခံကာ ၂၀၁၇ ဩဂုတ်လ ၁ ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

သမုတ်-လွတ်လွတ် မြစ်ကူး တံတား သစ်မှာ အရှည်ပေ (၁၂၈၇) ယာဉ် သွားလမ်း အကျယ် (၂၄) ပေ၊ လူသွားလမ်း အကျယ် (တစ်ဖက်လျှင်) သုံးပေစီ ရှိပြီး၊ ရေလမ်း ကင်းလွတ် အကျယ်ပေ (၁၆၄) နှင့် ရေလမ်း ကင်းလွတ် အမြင့် ( ၁၅ ) ပေ ရှိသည်။

တံတား အမျိုးအစားမှာ  အောက်ခြေ အုတ်မြစ် (1.5) mQ ဘိုးပိုင်၊  ကိုယ်ထည်မှာ အာရ်စီ ကွန်ကရစ်ဖြစ်ပြီး၊ အပေါ် ထည်မှာ PC Girder,  Steel Box Girder &  RC  နှင့် RC Decking တို့ဖြစ်ကာ ယာဉ်နှင့် ကုန် ၇၅ တန် ဖြတ်သန်း သွားလာ နိုင်မည် ဖြစ်သည်။

၎င်း တံတား မတည်ဆောက်မှီက မြိတ်မှ ရန်ကုန်သို့ သွားမည့်ယာဉ်လိုင်းများ သည်၊ ၂၅ မိုင်  ၆ ဖာလုံ ကွာဝေးသည့် မြိတ်ရှောင်ကွင်း လမ်းကို ကွေ့ဝိုက် အသုံးပြု သွားနေပြီး လက်ရှိမှာ သမုတ်-လွတ်လွတ် မြစ်ကူး တံတားကို ဖြတ်သန်း သွားရောက်ပါက မိုင် အားဖြင့် ၁၂ လမိုင် ၄ ဖာလုံးခန့်သာ ကျန်ရှိတော့ကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required